ဆိုးလ် မေ ၁၉
ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနာအဲနှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့သည် မေ ၁၉ ရက်က တောင်ကိုရီးယားနိုင်ငံ၌ ထိပ်သီးဆွေးနွေး ပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်း စွမ်းအင်အရင်းအမြစ်ဖူလုံရေးအတွက် ပူးတွဲဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို သမ္မတ လီဂျေမြောင်၏ မွေးရပ်မြေဖြစ်သော အန်ဒေါင်းမြို့တွင် ကျင်းပခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ယခုနှစ် ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံ၌ နောက်ဆုံးအကြိမ် တွေ့ဆုံထားကြောင်း သိရသည်။
အစည်းအဝေးအတွင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အကြား ခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံတကာစိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။ တာကာအိချီ ဆာနာအဲကလည်း အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကိုကြည့်လျှင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ခက်ခဲသည့် အချိန်ကာလတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ရရှိထားသည့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက် မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် အရှေ့အလယ် ပိုင်းဒေသအတွင်း တင်းမာမှုများ လျှော့ချရန်နှင့် ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


