ဂျကာတာ မေ ၁၉
ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန် အင်ဒိုနီးရှားနိုင်ငံသည် ပြင်သစ်နိုင်ငံမှ တိုက်လေယာဉ်များနှင့် အခြားစစ်လက်နက် ပစ္စည်းများကို ဝယ်ယူထားသည်။ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ မြင့်တက်လာနေချိန်တွင် အင်ဒိုနီးရှားအစိုးရသည် စစ်လက်နက်ပစ္စည်းများကို အရင်းအမြစ်မျိုးစုံမှ ဝယ်ယူလျက်ရှိပြီး မြို့တော်ရှိ လေတပ်အခြေစိုက် စခန်းတွင် စစ်လက်နက်ပစ္စည်း လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပြင်သစ် နိုင်ငံမှ ယခုအချိန်အထိ အဆင့်မြင့် တိုက်လေယာဉ် ခြောက်စင်းကို ဝယ်ယူထားပြီး နောက်ထပ် ၃၆ စင်းအထိ ဝယ်ယူရန် စီစဉ်ထားသည်။
ပြင်သစ် Rafale တိုက် လေယာဉ်များသည် ဝေဟင်တွင် ပစ်မှတ်မလွဲအောင် ပစ်ခတ် တိုက်ခိုက်နိုင်ခြင်း၊ ထောက်လှမ်း စောင့်ကြည့်နိုင်ခြင်းနှင့် သင်္ဘောများကို တိုက်ခိုက်နိုင်ခြင်း စသည့် စွမ်းဆောင်ရည် မျိုးစုံရှိသဖြင့် နာမည်ကျော်ကြားသည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက စစ်လက်နက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ယခုကဲ့သို့ နိုင်ငံ၏ စစ်ရေး စွမ်းပကားကို မြှင့်တင်နိုင်ခြင်းသည် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းပင်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ကျူးကျော် ရန်စမှုကို တားဆီးနိုင်ရန် မိမိတို့၏ စစ်ရေးစွမ်းပကားကို ဆက်လက် မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပရာဘိုဝိုသည် ယခင်က စစ်ဘက်ရေးရာ အရာရှိတစ်ဦး ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ ယနေ့ ကမ္ဘာ့ပထဝီ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများကြောင့် နိုင်ငံ့လုံခြုံရေးကို မြှင့်တင်ရခြင်းဖြစ်ကြောင်း ပရာဘိုဝိုက ပြောကြားခဲ့သည်။
ထို့အပြင် ပရာဘိုဝိုသည် ယခု လနှောင်းပိုင်းတွင် ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ


