နေပြည်တော် မေ ၁၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းတို့က အမှာစကား ပြောကြားကြသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန် ခေါင်းဆောင်၍ မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) များနှင့် တွေ့ဆုံကာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ် တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)


