နေပြည်တော် မေ ၂၀

 

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မိုးဗြဲဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးဗြဲမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း၊ ကယားပြည်နယ်အတွင်း ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း ယနေ့တွင် အသီးသီးကျင်းပ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဆရာ ဆရာမများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်သပြေ ခက်များ၊ ဂုဏ်ပြုပန်းကုံးများဖြင့် လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များ ဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်