မေ ၂၂

ကာဂျစ္စတန်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွား ၅ ဒသမ ၃၁ သန်းခန့်ရှိရာ  ၂၀၂၄ ခုနှစ်ကထက် ၄၅ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အမျိုးသားစာရင်းအင်းကော်မတီမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဟိုတယ်များ၊ ဘော်ဒါဆောင်များ၊ ဆေးရုံများနှင့် ခရီးသွားအေဂျင်စီများ အပါအဝင် စနစ်တကျဖွဲ့စည်းထားသော ခရီးသွားကဏ္ဍတွင် ၂၀၂၅ ခုနှစ် အားလပ်ရက်ခရီးသွား ၃ ဒသမ ၅၇ သန်း ရှိရာ ယခင်နှစ်ကထက် ၅၀ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြထားသည်။

ဧည့်ဂေဟာများ၊ ဒေသခံများက ပေးဆောင်သော အငှားအိမ်ရာများနှင့် ပုဂ္ဂလိကတည်းခိုခန်းများ အပါအဝင် စနစ်မကျသောခရီးသွားကဏ္ဍတွင် ခရီးသွား ၁ ဒသမ ၇၃ သန်း လာရောက်မှုရှိရာ ယခင်နှစ်ကထက် ၃၆ ဒသမ ၂ ရာခိုင်နှုန်း တိုးလာကြောင်း ထိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏အဓိကခရီးသွားနေရာများအနက် တစ်ခုဖြစ်သည့် အစ်ဆစ်ကူလ်ဒေသတွင် အားလပ်ရက် ခရီးသွားဦးရေသည် ၁ ဒသမ ၉၉ သန်းမှ ၂ ဒသမ ၆၃ သန်းအထိရှိရာ ၃၂ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု သိရသည်။

နိုင်ငံ၏ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံသည် ဆက်လက်တိုးချဲ့လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ကာဂျစ္စတန်နိုင်ငံတွင် အပန်းဖြေနှင့် ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ၈၄၂ ခုရှိရာ ၂၀၂၄ ခုနှစ်ကထက် ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အစ်ဆူကူလ် ဒေသတွင် ဧည့်ဂေဟာအရေအတွက်သည် ၂၀၁၃ မှ ၂၃၁၆ အထိ မြင့်တက်လာခဲ့ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို