ပဲခူး မေ ၂၆

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး နိုင်ငံတော်က အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများ၊ စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းများနှင့် ခဲတံ၊ ဘောပင်များကို သက်ဆိုင်ရာခရိုင်ပညာရေးမှူးတို့ထံ ပေးအပ်သည်။

 

ယင်းနောက် အမှတ်(၁)အခြေခံပညာ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း သီချင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းသား ကျောင်းသူများက “ဇာတိမာန်သီချင်း တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားမိဘများက မိမိတို့၏သား သမီးများအား KG တန်းမှ Grade 12 အထိ စာသင်ခန်းများအလိုက် ကျောင်းအပ်လက်ခံနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး မူလတန်းအဆင့် ကျောင်းအပ်နှံသည့် သားငယ် သမီးငယ်တို့အား ဗလာ စာအုပ်၊ ခဲတံ၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်သည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆ -၂၀၂၇ ပညာ သင်နှစ်တွင် အစိုးရကျောင်းအနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း ၅၀၀၊ အလယ်တန်း ၂၁၅၉ ကျောင်း၊ မူလတန်း ၁၈၂၃ ကျောင်းတို့ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး ပုဂ္ဂလိကကျောင်းအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း ၈၇ ကျောင်း၊ အလယ်တန်း ၁၆ ကျောင်းနှင့် မူလတန်း ၁၄ ကျောင်း တို့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)