ဂျကာတာ မေ ၂၆
အင်ဒိုနီးရှားနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကာကွယ်ရေးစည်းမျဉ်းကို ချိုးဖောက်ကြောင်းတွေ့ရှိရသည့် အီလက်ထရွန်နစ် ကုန်သွယ်ရေးစင်္ကြံများအား အရေးယူဆောင်ရွက်မည့် စည်းမျဉ်းများကို ထုတ်ပြန်ရန်ဆောင်ရွက်နေကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာ ဝန်ကြီး မာမန်အဗ္ဗဒူရာမန်က မေ ၂၅ ရက်တွင် ပြောကြားသည်။
အဆိုပါစည်းမျဉ်းမူကြမ်းသည် အပြီးသတ်ရန် နီးကပ်နေပြီး ၎င်းစည်းမျဉ်းအရ ဒီဂျစ်တယ်စင်္ကြံများနှင့် အွန်လိုင်းရောင်းချရေးလုပ်ငန်းများအတွက် ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။ ယခုဆောင်ရွက်ချက်သည် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများတွင် ဝန်ဆောင်ခများ မြင့်မားခြင်းနှင့် ဈေးကွက်အလွဲသုံးစားပြုခြင်းများကို တွေ့ရှိခဲ့ပြီးနောက် ဆောင်ရွက်ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ဈေးကွက်အတွင်း လုပ်ငန်းဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


