ဗန်ကောက် မေ ၂၆
ထိုင်းနိုင်ငံသည် နိုင်ငံအတွင်းရောက်ရှိလာသည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ ခရီးသွားများအား ၂၁ ရက်ကြာ အီဘိုလာရောဂါစောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မေ ၂၆ ရက်တွင် ပြောကြားသည်။
ယခုဆောင်ရွက်သည့်အစီအစဉ်အရ ယင်းနှစ်နိုင်ငံမှ ခရီးသွားများနှင့် ခရီးခေတ္တရပ်နားရာနေရာအဖြစ် ဝင်ရောက်လာသူများအနက် ရောဂါလက္ခဏာမပြသသူများအား သတ်မှတ်နေရာများတွင် ၂၁ ရက်ကြာ အီဘိုလာရောဂါစောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်သည်။ ရောဂါလက္ခဏာပြသသူများအား ဆေးရုံများတွင် ၂၁ ရက်ကြာထားရှိပြီး ရောဂါစောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆွမ်ရွတ် ဂျွန်ဆမန်က ပြောကြားသည်။
လက်ရှိအချိန်တွင် အီဘိုလာရောဂါကူးစက်သည့်ဒေသများမှ ရောက်ရှိလာသူများအား သုဝဏ္ဏဘူမိလေဆိပ်မှသာ ဝင်ရောက်ခွင့်ပြုပြီး နိုင်ငံအတွင်းရောက်ရှိလာသည့် ၇၂ နာရီကာလအတွင်း ရောဂါစောင့်ကြည့်စစ်ဆေးသည့် ကုန်ကျစရိတ်ကို ထိုင်းတာဝန်ရှိသူများက ပေးမည်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


