ဒါကာ မေ ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဝက်သက်ရောဂါကူးစက်မှုကြောင့် ကလေး ငယ် ၈၈ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး အာဏာပိုင်များက အတည်ပြုခဲ့သည်။

အစိုးရက ကလေးများကို ကာကွယ်ဆေးထိုးနှံပေးရန် မိဘများကို တိုက်တွန်းလျက်ရှိသည်။

ရုန်းကန်နေကြ

အချို့သော ဆေးဘက်ဆိုင်ရာ ကျန်းမာရေးစင်တာများသည် ဆေးဝါးကုသမှုပေးရန် ဆေးဝါး စုံလင်မှုမရှိသည့်အတွက် လူနာများကို လက်ခံရန် ရုန်းကန်နေကြရသည်။

ဝင်ငွေနည်းသော အသိုင်းအဝိုင်းများတွင် အခက်အခဲပိုမို တွေ့ရသဖြင့် မတ်လမှစတင်၍ ရောဂါဖြစ်ပွားမှုများ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲခန်းအတည်ပြု ရောဂါကူးစက်ခံရသူပေါင်း ၈၇၀၀ ကျော်ရှိကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

သံသယရှိသူ ၆၆၀၀၀ ကျော်ရှိပြီး ကလေး ၄၆၇ ဦးသည် ရောဂါလက္ခဏာများ ခံစားရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ သေဆုံးမှုအပေါ် ဓာတ်ခွဲခန်းက ဝက်သက်ရောဂါ ကူးစက်မှု ကြောင့်ဟု အတည်ပြုချက်မပေးခဲ့ပေ။

အစိုးရက ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့်လကတည်းက အစုလိုက်အပြုံလိုက် ကာကွယ် ဆေးထိုးနှံရေးလှုပ်ရှားမှုကို လုပ်ဆောင်လျက်ရှိသည်။

ဝက်သက်ရောဂါသည် အလွန်ကူးစက်လွယ်သည့် ရောဂါဖြစ်ပြီး မွေးကင်းစကလေးများနှင့် ကလေးသူငယ်များသည် ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းမရှိသေးပါက ပြင်းထန်သော ဖျားနာမှုနှင့် သေဆုံးနိုင်ခြေ အမြင့်မားဆုံး ဖြစ်သည်။

၂၀၂၄ ခုနှစ် လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နုတ်ထွက်ခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံမှုများကို လုံလောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ အချက်သည် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်