နေပြည်တော် မေ ၂၇
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ မေ ၃၁ ရက် အထိ စနေ၊ တနင်္ဂနွေအပါအဝင် ပိတ်ရက်မရှိ သတ်မှတ်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို မေ ၂၅ ရက် နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဆက်လက်အပ်နှံ ဆောင်ရွက်လျက်ရှိကြသည်။
အခမဲ့ပေးအပ်
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများ နှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေး ကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား ကျောင်းသူများအား တစ်ပါတည်း ပေးအပ်ကြသည်။
ပူးပေါင်းဆောင်ရွက်
ယင်းသို့ ကျောင်းအပ်နှံမှုလက်ခံ ဆောင်ရွက်နေသည့် ဆရာ ဆရာမများနှင့် ကျောင်းများ၏လုံခြုံရေး၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများ၏လုံခြုံရေး အတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံလေးချောင်းနှင့် ကျောင်းဝတ်စုံ တစ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်းနှင့် ဘောပင်နှစ်ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ ပေးအပ်သွားမည့်အပြင် အခြေခံပညာကျောင်းများတွင် အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့် အခကြေးငွေမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြောင်း သိရသည်။
သတင်းစဉ်


