ရန်ကုန် မေ ၂၈
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပန်းချီပြိုင်ပွဲတွင် အခြေခံပညာကျောင်း များမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၆၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့အတူ ကာတွန်းပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၉၁ ဦး၊ ပိုစတာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၄၄ ဦး၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ကိုးဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


