မုံရွာ မေ ၃၀
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ရန်ကင်းရပ်ကွက်ရှိ ချင်းတွင်းမြင့် ဟိုတယ်၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူ လူထုအကျိုးရှိစေမည့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကော်မတီအဖွဲ့ဝင်အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များက လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


