ထွန်းသစ်စ

အာရှနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် တိုးတက်မှုတွေတွေ့မြင်နေရသလို ဆုတ်ယုတ်မှုတွေလည်း အတူတကွ ဖြစ်ပေါ်လျက်ရှိပါတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုဆိုတာ အမြဲဒွန်တွဲနေတယ်ဆိုတာ ငြင်းမရပါဘူး။ အာရှနိုင်ငံတွေထဲကမှ ဒီကနေ့ ဂျပန်နိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေတွေ့မြင်နေရသော်လည်း လျော့နည်းသွားတဲ့ လုပ်အားတွေ ရှိနေတာကို တွေ့မြင်ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် လတ်တလောမှာ ဂျပန်နိုင်ငံမှာ သက်ကြီးလူဦးရေ တိုးပွားနှုန်းမြင့်တက်လာပြီး အလုပ်သမားရှားပါးတဲ့ အခြေအနေကို ရင်ဆိုင်နေရလို့ပဲဖြစ်ပါတယ်။

သက်ဝင်လှုပ်ရှားလာတော့မယ်
ဂျပန်နိုင်ငံအနေနဲ့ လျော့နည်းသွားတဲ့ လုပ်အားနဲ့ တိုးပွားလာတဲ့ ဇရာအိုလူဦးရေတို့ကိုဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေးအပေါ် အပြုသဘောဆောင်တဲ့ အမျိုးသားဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ ကိုကူရှီကန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက သုံးသပ်ထားသလို အခုဆိုရင် ဂျပန်နိုင်ငံဟာ သူ့ရဲ့ အလုပ်သမားရှားပါးမှုကို ဖြေရှင်းနေတာ တွေ့ရ ပါတယ်။

ဂျပန်နိုင်ငံရဲ့ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ မြန်မာနိုင်ငံအပါအဝင်နိုင်ငံခြားသား အလုပ်သမား ငါးသိန်းကို လာမည့် ခြောက်နှစ်အတွင်းမှာ ခေါ်ယူနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရေး ဥပဒေကို ဂျပန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီဥပဒေဟာ အတိုက်အခံတွေရဲ့ ကန့်ကွက်မှုကို အများဆုံး ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်းမှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ၂၀၁၉ ခုနှစ် ဧပြီလကစပြီး သက်ဝင်လှုပ်ရှား လာမှာဖြစ်ပါတယ်။

နိုင်ငံခြားသားလုပ်သားတွေ ခေါ်ယူမယ်
ထို့အတူ ဒီဥပဒေအရ ဂျပန်နိုင်ငံမှာ အလုပ်သင်ဗီဇာနဲ့ ရောက်ရှိလုပ်ကိုင်နေ သူတွေကို ဦးစားပေးအနေနဲ့ အလုပ်လုပ်ခွင့်ဗီဇာတွေ ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။၂၀၁၉ ဧပြီလမှ စတင်အသက်ဝင်လာမယ့် ဒီဥပဒေသစ်အရ ပထမ အသုတ်မှာ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ နိုင်ငံခြားသားအလုပ်သမား ၃၄၀ဝဝ ကို ခေါ်ယူမှာဖြစ်ပါတယ်။ အဲဒီထဲမှာမှ ဂျပန်နိုင်ငံမှာ အလုပ်သင်ဗီဇာနဲ့အလုပ်လုပ်နေသူတွေကို ဦးစားပေးသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ အခုဆိုရင် သက်ကြီးလူဦးရေ အလွန်များလာတဲ့အတွက် ထုတ်လုပ်နိုင်စွမ်းရှိသူတွေ၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသူတွေ အများကြီးလိုအပ်လာပါတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စက်ရုံတွေမှာ အလုပ်သမား လိုအပ်ချက်တွေ မြင့်မားလာတာဖြစ်ပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဂျပန်လူဝင်မှုဥပဒေသစ်အရ ၂၀၁၉ ဧပြီလဆန်းမှစကာ ၂၀၂၅ ခုနှစ်အထိ ခြောက်နှစ်တာ ကာလအတွင်းမှာ နိုင်ငံခြားသားလုပ်သားငါးသိန်း ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ခန့်မှန်းတွက်ချက်
လေ့လာမိသလောက်ဆိုရင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစကာ ဂျပန်နိုင်ငံရဲ့ စုစုပေါင်း လူဦးရေဟာ ဆက်တိုက် ကျဆင်းလာခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အခုလိုမျိုး လုပ်သားသစ်တွေ ထပ်မံခေါ်ယူပြီး တိုင်းပြည်ရဲ့ ဂျီဒီပီတိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် တိုးတက်မှုနှုန်း ကျဆင်းလာနိုင်ဖွယ်ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံရဲ့ ဇရာအိုလူဦးရေဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဆင့်ကို ရောက်နေပါတယ်။ တခြားဘယ်နေရာမှာမှ မတွေ့ဖူးသေးတဲ့ ပမာဏနဲ့ မြင့်တက်လာခြင်းပဲဖြစ်ပါတယ်။ လူဦးရေနဲ့ လူမှုလုံခြုံရေး သုတေသနအမျိုးသား အင်စတီကျု (အိုင်ပီအက်စ်အက်စ်)က လက်ရှိ ဂျပန်နိုင်ငံရဲ့ စုစုပေါင်း လူဦးရေ ၁၂၆ သန်းနဲ့ နှိုင်းစာရင်လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ၁၁၀ ဒသမ ၉၂ သန်းလောက်သာ ရှိတော့မှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ အဲဒီစုစုပေါင်း လူဦးရေထဲမှာမှ ကုန်ထုတ်လုပ်နိုင်စွမ်း သို့မဟုတ် အလုပ်လုပ် နိုင်စွမ်းပမာဏ အသက် ၁၅ နှစ်မှ ၆၄နှစ်အထိဟာ ပျမ်းမျှအားဖြင့် ပြောရမယ်ဆိုရင် ၅၉ ဒသမ ၇၈ ရာခိုင်နှုန်းနဲ့ အသက်ကြီးပိုင်းပမာဏ အသက် ၆၅ နှစ်နဲ့ အထက်ဟာ ၃၅ ဒသမ ၃ ရာခိုင်နှုန်းလောက်ဖြစ်လာမှာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

အိုင်ပီအက်စ်အက်စ်က လာမယ့် ၂၀၆၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၈၈ ဒသမ ဝ၈ ရာခိုင်နှုန်းလောက် ဆက်လက် ကျဆင်းလာနိုင်ကြောင်း၊ အဲဒီလူဦးရေထဲမှာမှ ကုန်ထုတ်လုပ်နိုင်စွမ်း သို့မဟုတ် အလုပ်လုပ်နိုင်စွမ်းပမာဏ အသက် ၁၅ နှစ်မှ ၆၄နှစ်အထိဟာ ပျမ်းမျှအားဖြင့် ပြောရမယ်ဆိုရင် ၄၅ ဒသမ ၂၉ ရာခိုင်နှုန်းနဲ့ အသက်ကြီး ပိုင်းပမာဏ အသက် ၆၅ နှစ်နဲ့ အထက်ဟာ ၃၈ ဒသမ ၄ ရာခိုင်နှုန်းလောက်ရှိမယ်လို့ ဆက်လက်ခန့်မှန်းတွက်ချက်ထားပါတယ်။

ဖြေရှင်းနိုင်မယ်မထင်
ဒါဟာကြောက်စရာကောင်းပါတယ်။ ခန့်မှန်းထားသလိုသာ ဇရာအိုလူဦးရေ ဆက်တိုက်တိုးတက်မှုတွေ ဖြစ်ပေါ်လာပါက နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားတွေ ကျဆင်းလာနိုင်ခြေရှိပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ အစိုးရတာဝန်ယူပြီးနောက် သူ့ရဲ့ အာဘေးစီးပွားရေးတိုးတက်မှု မဟာဗျူဟာကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ သို့သော်လည်း လူဦးရေ လျော့နည်းကျဆင်းလာမှုဟာ ဂျပန်နိုင်ငံအတွက် အဓိကစိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါတယ်။

ဂျပန်နိုင်ငံဟာ လူဦးရေလျော့နည်းကျဆင်းနေတာတောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အို တွေနဲ့ လူငယ်လူရွယ်တွေဟာ ပြေးလွှားရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံခြားသားလူ့စွမ်းအား အရင်းအမြစ်တွေကို အသုံးပြုမှုဟာ မြင့်တက်လာပြီး ၎င်းနဲ့သက်ဆိုင်တဲ့ မူဝါဒတွေဟာလည်း လျင်လျင်မြန်မြန်ပဲ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ ဂျပန်အစိုးရဟာ သူ့ရဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အလှည့်ကျစနစ်နဲ့ လက်ခံတဲ့အခြေအနေကို တိုးမြှင့်ခဲ့ပါတယ်။ အလှည့်ကျစနစ်နဲ့ လက်ခံတဲ့ အလုပ်သမားတွေဟာ လတ်တလော လုပ်သားအင်အားပြတ်လပ်မှုကို ခဏတာ သက်သာစေနိုင်သော်လည်း ရေလတ်နဲ့ ရေရှည်ကာလတွေမှာ လူဦးရေလျော့နည်းမှုကို ဖြေရှင်းနိုင်မယ် မထင်ပါဘူး။

တက်မလာခဲ့
ရွှေ့ပြောင်းအခြေချသူတွေ ပိုမိုလက်ခံခြင်းကို အစိုးရကော်မတီမှာ ၂၀၁၄ ခုနှစ်ဇွန်လမှာ ဆွေးနွေးခဲ့သော်လည်း အာဘေးအစိုးရဟာ နိုင်ငံခြားသားလူ့စွမ်းအားအရင်း အမြစ်တွေကို အသုံးပြုခြင်းဟာ လုံးဝပြည့်စုံမှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေခဲ့ပြီးဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ သူ့ရဲ့လူဦးရေကို လာမယ့်နှစ် ၅၀ အတွင်းမှာ သန်း ၁၀ဝ လောက်မှာပဲ ရှိစေချင်တာပါ။

အဲဒီရည်မှန်းချက်ကိုရောက်ဖို့ အစိုးရရဲ့ ခန့်မှန်းခြေဟာ ဘာကိုညွှန်ပြသလဲဆိုတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကလေးမွေးဖွားနှုန်းဟာ ၁ ဒသမ ၈ ရာခိုင်နှုန်းအထိရှိရမှာဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်မှာတော့ ကလေးမွေးဖွားနှုန်းဟာ ၂ ဒသမ ဝ၇ ရာခိုင်နှုန်း အထိ ရောက်ရမယ်လို့ ဆိုထားပါတယ်။ သို့သော်လည်း အမှန်စင်စစ် ၂၀၁၆ မှာတော့ ကလေးမွေးဖွားနှုန်းဟာ ၁ ဒသမ ၄၄ ရာခိုင်နှုန်းခန့်သာရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နဲ့၂၀၁၈ ခုနှစ်မှာလည်း ကလေးမွေးဖွားနှုန်းဟာ ထင်သလောက် တက်မလာခဲ့ပါဘူး။

ဆောင်ရွက်ရမယ်
၂၀၁၆ ခုနှစ်အကုန်မှာ ဂျပန်မှာရှိတဲ့ နိုင်ငံခြားသား ၂၃၈၂၈၂၂ ဦးခန့် ၈၀ ရာခိုင်နှုန်းဟာ ရွှေ့ပြောင်းအခြေချသူတွေ ဖြစ်ပါတယ်။ ၄၄ ဒသမ ၇ ရာခိုင်နှုန်းကတော့ အမြဲတမ်းနေထိုင်သူတွေ ဖြစ်ပါတယ်။ ဒီပမာဏဟာ အနောက်နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် နည်းတယ်လို့ ဆိုနိုင်ပေမယ့်လည်း ဂျပန်နိုင်ငံအတွက်ကတော့ အမျိုးသား သန်းခေါင်စာရင်းအရ ၂၀ဝဝ-၂၀၁၅ ခုနှစ်အထိ ဂျပန်နိုင်ငံသားတွေဟာ ဝ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဟာ ၃၃ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အခုဆိုရင် တစ်ဖက်ကလည်း နိုင်ငံခြားလုပ်သားတွေခေါ်ယူပြီး ဂျပန်နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုတွေ၊ အခြားကဏ္ဍတွေ တိုးတက်လာအောင်အကောင်အထည်ဖော်လာသလို တစ်ဖက်မှာလည်း ဂျပန်အစိုးရဟာ သူ့ရဲ့ အစီအစဉ်ဖြစ်တဲ့ ကလေးမွေးဖွား နှုန်းမြင့်တက်လာအောင် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

ဖြစ်လာမယ်
ကလေးမွေးဖွားနှုန်းမြင့်လာလေလေ အသက်ကြီးလူဦးရေတိုးပွားလာမှု လျှော့ချရေးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ ပေးလေလေ ဖြစ်လာမှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့လည်း ဆိုခဲ့ပြီးတဲ့အတိုင်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ ခဏတာ အားကိုးလို့ရနိုင်သော်လည်း ရေလတ်၊ ရေရှည်ကဏ္ဍများတွင်တော့ ကိုယ့်တိုင်းဌာနီ ကိုယ့်ပြည်က ကိုယ့်မျိုးဆက်သစ် များသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရဟာ သူ့ရဲ့ အနာဂတ်ကလေးငယ်တွေအတွက် တာဝန်ရှိသလို ဂျပန် လူ့အသိုင်းအဝိုင်းထဲသို့ ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ မူဝါဒတွေကို အဘက်ဘက်မှ ထိန်းညှိရင်း လူဦးရေ လျော့နည်းကျဆင်းလာမှုကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေ ရှာဖွေရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်နိုင်မှ ဂျပန်နိုင်ငံဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာ ဖြစ်ပါကြောင်း။    ။
ကိုးကား-ချန်နယ်နယူးအေးရှ