နေပြည်တော် ဇွန် ၃
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦးရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၃၄၉ ဦး တက်ရောက်သဖြင့် တက်ရောက်မှု ရာခိုင်နှုန်း ၉၉ ဒသမ ၄၃ ရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင် ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်း တင်သည်။
ဆက်လက်၍ အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်၏ မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်ရှိ ဗွက်ကြီးချောင်းတံတားထိပ်နှင့် ကြေးနီချောင်းတံတား ထိပ်တွင် တံတားအသုံးပြုခွင့်ဂိတ် နှင့် လမ်းအသုံးပြုခွင့် ကောက်ခံ ဂိတ်တို့ ပေါင်းစပ်ဖွင့်လှစ်ထား သည်ကို တွေ့ရှိရသဖြင့် အောင်လံ မြို့သူ မြို့သားများသည် မိမိတို့ နေထိုင်ရာ မြို့နယ်အတွင်း သွားလာနေမှုတွင် ဂိတ်နှစ်ဂိတ် တို့၏ အသုံးပြုခွင့်ကောက်ခံခြင်းကို ပေးဆောင်နေကြရကြောင်း စိစစ်တွေ့ရှိရပြီး ဗွက်ကြီး တံတားဂိတ် တစ်ခုတည်းသာထားရှိ ဆောင်ရွက်သင့်ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသဖြင့် အောင်လံမြို့ရှိ ကြေးနီချောင်းဂိတ်ကို အောင်လံမြို့နယ် နယ်နိမိတ် ပြင်ပ သင့်လျော်သောနေရာသို့ ပြောင်းရွှေ့ပေးနိုင်ပါရန်နှင့် ပြောင်းရွှေ့ ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့ ပေးမည်ကို သိရှိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးခင်မောင်လတ် က အောင်လံ (အထွက်)ဂိတ် (ကြေးနီချောင်း)ကို ဖြတ်သန်း သွားလာသောဂိတ်အနီးရှိ ကျေးရွာများမှ မော်တော်ယာဉ်များအား လမ်းနှင့် တံတားအသုံးပြုခြင်း အတွက် အခမဲ့ခွင့်ပြုထားပါကြောင်း။
အောင်လံမြို့တွင်းမှ ယာဉ်များ အောင်လံ(အထွက်) (ကြေးနီ ချောင်း)ဂိတ်သို့ ဖြတ်သန်းသွားပါ က အသွားတစ်ကြိမ်သာကောက်ခံ ပြီး တစ်နာရီအတွင်း ပြန်ဝင်လာ ပါက ထပ်မံကောက်ခံခြင်းမရှိဘဲ ဖြေလျှော့ပေးထားကာ အောင်လံ (အဝင်) ဗွတ်ကြီးဂိတ်နှင့် အောင်လံ (အထွက်) (ကြေးနီချောင်း)ဂိတ် သတ်မှတ်မိုင်တိုင် အတွင်းရှိ အောင်လံမြို့နှင့် ကျေးရွာများမှ မော်တော်ယာဉ်များ ကိုလည်း အခမဲ့ခွင့်ပြုထားပါကြောင်း။
Max Highway Co.,ltd. (BOT) အနေဖြင့် အောင်လံခရိုင် အောင်လံ- ကိုးပင်လမ်းပိုင်း (မိုင်တိုင် ၆၁ မိုင် ၇ ဖာလုံ)အတွင်း လမ်း အဆင့်မြှင့်တင်ခြင်းနှင့် လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များအား နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ် လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း။
အောင်လံ(အထွက်) (ကြေးနီ ချောင်း)ဂိတ်အား အောင်လံ မြို့နယ် နယ်နိမိတ်အဆုံး မိုင်တိုင် (၂၃၁/၅) အပြင်ဘက်သို့ ပြောင်းရွှေ့ မည်ဆိုပါက လမ်းအသုံးပြုခ ကောက်ခံရရှိမှုများ လျော့နည်း သွားမည်ဖြစ်ပြီး နိုင်ငံတော် အတွက် အခွန်ငွေများလျော့နည်းနိုင်ခြင်း၊ တန်ပိုထိန်းသိမ်းနိုင်မှု လျော့ကျနိုင်ခြင်း တို့ကြောင့် လမ်း/တံတားများ ပိုမိုပျက်စီး လာနိုင်သည့်အတွက် အောင်လံ မြို့နယ် နယ်နိမိတ်ပြင်ပသို့ ဂိတ်များ ပြောင်းရွှေ့ရန် သင့်လျော်မှုမရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ ၏ တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်း ဆက်လမ်းမှ သစ်စိမ့်ပင်ကျေးရွာ သို့ ရေတို၊ ရေရှည်အစီအမံများ ချမှတ်၍ ကျောက်ချောလမ်း ဖြစ်မြောက်ရေးအတွက် ဆောင် ရွက်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အဖွဲ့ဝင် ဦးခင်မောင်လတ်က တပ်ကုန်း မြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင်အုပ်စု ချင်းစုကြာပင်အင်း ကျေးရွာချင်းဆက် လမ်းသည် လက်ရှိ လေးမိုင်အရှည်ရှိပြီး ကျောက်ချောလမ်း အဆင့်မြှင့်တင် ဆောင်ရွက်မည်ဆိုပါက လမ်း အကျယ် အနည်းဆုံး ၂၄ ပေရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးရွာ လေးရွာ၊ အိမ်ခြေ ၇၅၄ အိမ်၊ လူဦးရေ ၂၈၄၂ ဦး အကျိုးပြုနိုင် မည်ဖြစ်ပါကြောင်း။
သို့ဖြစ်၍ တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင် ကျေးရွာလမ်းပိုင်း ကျောက်ချော လမ်း ဖြစ်မြောက်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစ၍ ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်းအား နေပြည်တော် ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက် လျာထား တင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး၏ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ပွားများနေသော ဗေဒါပင်များကို ပိုမို ရှင်းလင်းနိုင်စေရေး၊ ထပ်မံ မရောက်စေရေး၊ မပွားများစေရေးနှင့် သန့်ရှင်းသာယာသော အင်းရေပြင် ဖြစ်ရေးတို့အတွက် မည်သို့ ဆောင်ရွက်ပေးသွားမည်၊ နွေရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးမြေများ ယခုထက် ပေါ်ထွန်း လာစေရေးအတွက် ရေဝပ်ဧရိယာ နည်းပါးအောင် မည်သို့ လုပ်ဆောင်သွားမည်၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့ ရာသီအလိုက် သဘာဝ အလှတရားများဖြင့် လိုက်ဖက် ညီစွာ ပြန်လည်ဖြစ်ပေါ်လာစေရေးမည်သို့ စီမံဆောင်ရွက်သွားမည် တို့ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က တောင်သမန်အင်းအတွင်းသို့ ရေဝင်သည့်နေရာတွင် ဗေဒါစစ် ဆန်ခါများထားရှိ၍ ဗေဒါထပ်မံ မရောက်ရှိစေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တောင်သမန် အင်းနှင့် ဦးပိန်တံတားတို့ ရာသီအလိုက် သဘာဝအလှတရားများဖြင့် လိုက်ဖက်ညီစွာ ပြန်လည် ပေါ်ထွန်း လာစေရေးအတွက် တောင်သမန်အင်း ပတ်လမ်းများနှင့် ဦးပိန်တံတားပတ်ဝန်း ကျင်အား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ နေ့စဉ် သန့်ရှင်းရေးဆောင်ရွက် ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၌ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ယူကြီးကြပ်ပြီး အင်းအတွင်း ငါးမွေးမြူရေး လုပ်ငန်းအား ငါးလုပ်ငန်းရှင်များထံသို့ လေလံပေးပြီး လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်အတွက် အင်းအတွင်း ဗေဒါဆယ်ယူခြင်း လုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလေလံလုပ်ငန်းရှင်တို့မှ “အင်းရေပြင် ဗေဒါကင်းစင်ပြီး သန့်ရှင်းနေစေရေးအတွက်” အချိန်နှင့်တစ်ပြေးညီ ရှင်းလင်း ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ဗေဒါဆယ်ယူခြင်းလုပ်ငန်းကို မြို့တော်စည်ပင်မှ Back Hoe အကူအညီဖြင့် တောင်သမန်အင်း ဆွဲဝယ်ယူရရှိသူမှ စက်သုံးဆီနှင့် လူအင်အားကူညီ၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဆီရရှိရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသောကြောင့် ယာယီ ရပ်နားထားကြောင်း၊ တောင်သမန်အင်း ဂရန်ကိုင်မှ ဗေဒါဖြတ်ဖောင်ငယ်ဖြင့် တစ်ပိုင်တစ်နိုင် ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများကို ယခုထက် ပေါ်ထွန်းရေးအတွက် ရေထွက်လမ်း တစ်လျှောက် ဗေဒါများ ရှင်းလင်း ခြင်းကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားသည်။
ကလေး မဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ ကလေးမြို့ မြောက်ပိုင်း ကျေးရွာအများစုမှာ လည်း ဓာတ်အားလိုင်းများ သွယ်တန်းပြီး လျှပ်စစ်မီးများရရှိ နေပြီးဖြစ်သော်လည်း ယခုအခါ ရေအားလျှပ်စစ် စက်ပစ္စည်း (Berrim) များ ပျက်စီးနေခြင်း၊ ရေလှောင်တမံထဲတွင် နုန်းများရှိ နေခြင်းကြောင့် အသုံးမပြုနိုင်သည်မှာ နှစ်အတော်ကြာခဲ့ပြီး ဖြစ်ပါသဖြင့် ယခင်စီမံကိန်း ရှိသည့်အတိုင်း ကလေးမြို့ပေါ် ရပ်ကွက်များနှင့် ကျေးလက်ဒေသများ မီးလင်းနိုင်ရေး၊ သီးထပ် သီးညှပ်များ စိုက်ပျိုးနိုင်ရေး၊ ရာဇဂြိုဟ် ဘက်စုံရေလှောင်တမံအား ပြန်လည်ပြုပြင်မွမ်းမံပေး နိုင်ရေးအတွက် ဆောင်ရွက်ပေး ရန် မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ ရာဇဂြိုဟ်ရေလှောင်တမံအတွင်း နှစ်စဉ်ဝင်ရောက်ခဲ့သော သဲနုန်းများအား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ စုစုပေါင်း သဲနုန်းကျင်း သုံးသိန်းကျော်ကို နုန်းစုပ်ထုတ်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နယ်မြေအခြေ အနေအရ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ၂၀၂၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် တမံရေယူ အဆောက်အအုံရှေ့၌ နုန်းနှင့် အမှိုက်များ ပိတ်ဆို့မှုများကို ဖယ်ရှားဆောင်ရွက်၍ စိုက်ပျိုးရေ နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း နုန်းနှင့်အမှိုက်များ ဝင်ရောက်မှု များပြားလာခြင်းကြောင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ရပ်နား ခဲ့ရပြီး ရေပိုလွှဲမှ ကျော်ကျခဲ့သော ရေအား တူးမြောင်းမကြီးအတွင်းသို့ ရေလွှဲသွင်း၍ မိုးစပါးအောင်ရေ ပေးဝေခဲ့ပါကြောင်း။
အကျိုးပြု စိုက်ပျိုးမြေဧရိယာ ပြည့်မီစွာ ရေပေးဝေနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ် နိုင်ရေးအတွက် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် စူးစမ်း လေ့လာမှုများ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ရာဇဂြိုဟ် ရေလှောင်တမံအတွင်း သဲနုန်း ဖယ်ရှားရေးသည် လုပ်ငန်းပမာဏ ကြီးမားလွန်းခြင်းနှင့် ကုန်ကျ စရိတ်များပြားနိုင်ခြင်းတို့ကြောင့် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားသည်။
လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်း၏ တောင်သူလယ်သမားများဘဝ အတွက် လိုအပ်သည့် လုံလောက် သည့်ချေးငွေများ၊ စက်မှုကို အထောက်အကူ ဖြစ်စေသည့် လယ်ယာထွန်စက်များ၊ သီးနှံ သိုလှောင်မှုနေရာ၊ နည်းပညာများနှင့် ဈေးကွက်များ ဖန်တီးပေးရေး တို့ကို နိုင်ငံတော်အစိုးရမှ ကူညီ ဆောက်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်မရှိပါက ဦးစားပေး အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန်တို့အား သိရှိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာန မြေဆီလွှာ၊ မျိုးစေ့နှင့် ပိုးမွှားရောဂါဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများက နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာန အနေဖြင့်လည်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ထွန်စက်ကြီး ၁၅ စီး၊ လက်တွန်း ထွန်စက် ၆၅၀၊ စပါးရိတ်သိမ်း ခြွေလှေ့စက် ၁၀ စီးကို တောင်သူများထံသို့ လက်ငင်းစနစ်ဖြင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူ လယ်သမားများ လယ်ယာသုံး စက်ကိရိယာများ၊ အခြောက်ခံစက်၊ သိုလှောင်ရုံ၊ ဆန်စက်များကို ဝယ်ယူနိုင်စေရန် အတိုးနှုန်း ခြောက်ရာခိုင်နှုန်း၊ ချေးငွေပမာဏ ငွေကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍ၊ ငွေကျပ် သိန်း ၃၀၀၀ အထက် တစ်ကဏ္ဍ တို့ဖြင့် တိုးမြှင့်ထုတ်ချေးပေးသွား ရန် ၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားပါကြောင်း၊ သီးနှံ သိုလှောင်ရုံနေရာ ရရှိရေးနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သီးနှံ ဈေးကွက်များ ဖန်တီးပေးရေးအတွက် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့တွင် မူလခွင့်ပြုထားသည့် သီးနှံ/ကုန်စည် ကိုးမျိုးကို ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားရှိပြီး ကုန်စည်ခုနစ်မျိုးကို တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် သီးနှံများ ဈေးကွက်ရရှိရန် သီးနှံအလိုက် ချေးငွေနှုန်းထားများ တိုးမြှင့်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာ ချေးငွေများ တိုးမြှင့်ပေးခြင်း၊ သွင်းအားစုများ ရရှိရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ကန်ထရိုက် လယ်ယာစနစ်ကို အားပေးမြှင့်တင်ခြင်း၊ ပန်းတိုင် အထွက်နှုန်းသတ်မှတ်ပြီး ထုတ်လုပ်မှုတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်ခြင်း၊ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာကို တွဲဖက်အသုံးပြုပြီး သွင်းအားစု စရိတ် သက်သာစေရန် ပညာပေးခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုပံ့ပိုးပေးပြီး သီးနှံနှင့်ပေးချေစေသည့် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆမ် ၏ မိုင်းယန်းမြို့နယ် မိုင်းလွေ ကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာ ကိုယ်ထူကိုယ်ထ လက်ရိုက်ဆည်အား ကျောက်စီကွန်ကရစ်ဆည် အဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ တည်ဆောက်ပေးမည် ဆိုပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်း မြို့နယ် မိုင်းလွေကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာအနီး နမ့်လွေ ချောင်း၌ ဒေသခံတောင်သူများသည် မျော၊ ဝါးများဖြင့် ကိုယ်ထူ ကိုယ်ထ လက်ရိုက်ဆည်ပြုလုပ်၍ နမ့်လွေချောင်းမှရေကို သွယ်ယူကာ စိုက်ပျိုးလျက်ရှိပါကြောင်း၊ အဆိုပါ လက်ရိုက်ဆည်သည် မိုးတွင်းကာလ မိုးရွာသွန်းမှုများပြားပါက မကြာခဏကျိုးပေါက်လေ့ ရှိကြောင်း၊ သို့ဖြစ်၍ ဝမ်တောင်း ကျေးရွာရှိ ဒေသခံတောင်သူများ၏ လယ်မြေဧက ၁၆၀ မှာ မိုးသီးနှံ၊ နွေသီးနှံ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရန်အတွက် အဆိုပါလက်ရိုက် ဆည်ကို ကျောက်စီကွန်ကရစ်ရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြ တောင်းခံပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း၏ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေမှ ထွက်ရှိသော ထွက်ကုန်သီးနှံ ဈေးနှုန်းထိန်းညှိရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးပါ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌ အဖြစ် စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံနှင့် အတွင်းရေးမှူးအဖြစ် ချောင်းဦး မဲဆန္ဒနယ်မှ ဦးထွန်းလွင် တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။
ယင်းနောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကို ဇွန် ၅ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


