နေပြည်တော် ဇွန် ၃
နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ လေ့လာရေး ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အဖွဲ့တို့မှ အဖွဲ့ဝင် ၃၆ ဦးနှင့် အုပ်ချုပ်သူငါးဦး စုစုပေါင်း ၄၁ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိကြသည်။
အဆိုပါ တိုင်းရင်းသားလေ့လာရေးအဖွဲ့ဝင်များသည် ဇွန် ၄ ရက်နှင့် ၅ ရက်တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ သူရဲကောင်းစစ်သည်ဗိမာန်၊ လှေခွင်းတောင်အပန်းဖြေစခန်း၊ သတ္တ သတ္တာဟ မဟာဗောဓိစေတီတော်(ဗုဒ္ဓဂါယာ)၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (တပ်ကုန်း)နှင့် စစ်သမိုင်းပြတိုက်များသို့ သွားရောက် လည်ပတ်ကြမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ကြီးကြပ်မှု တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၏ စီစဉ်မှုဖြင့် နေပြည်တော်လေ့လာရေးခရီးစဉ်ကို နဝမအကြိမ်အဖြစ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


