ဇွန် ၄

ဗီယက်နမ်နိုင်ငံ၏ ကုန်ပစ္စည်း လက်လီရောင်းချမှုနှင့် စားသုံးသူဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိသည့် စုစုပေါင်းဝင်ငွေသည် ယခုနှစ် ပထမ ငါးလအတွင်း ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် ၃ ဒသမ ၁၈ ကွာဒရီလီယံ(အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၄၇ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး၏ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းစာ VnEconomy က ယနေ့တွင် ဖော်ပြထားသည်။

ကုန်ပစ္စည်းလက်လီရောင်းချမှုသည် စုစုပေါင်း၏ ၇၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဗီယက်နမ်ဒေါင် ၂ ဒသမ ၄၂ ကွာဒရီလီယံနီးပါး ရှိရာ ယခင်နှစ်ကထက် ၁၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ရေနံထွက်ပစ္စည်းများ၊ အဝတ်အထည်၊ အစားအသောက်နှင့် အိမ်သုံးပစ္စည်းများ တိုးတက်မှုအားကောင်းခြင်းကြောင့် ဖြစ်ကြောင်း ထိုရုံး၏ပြောကြားချက်အရ သိရသည်။

တည်းခိုနေထိုင်ရေးနှင့် စားသောက်ကုန်ဝန်ဆောင်မှုများသည် ဗီယက်နမ်ဒေါင် ၄၀၀ ဒသမ ၄ ထရီလီယံ ဝင်ငွေရရှိခဲ့ပြီး အခြားဝန်ဆောင်မှုများသည် ဗီယက်နမ်ဒေါင် ၃၂၅ ဒသမ ၉ ထရီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို