မြစ်ကြီးနား ဇွန် ၄
မြန်မာ့မီးရထားအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား - မိုးကောင်း၊ မိုးကောင်း - မြစ်ကြီးနား ခရီးစဉ်သာ ပြေးဆွဲနိုင်ခဲ့ရာမှ မြစ်ကြီးနား - မိုးကောင်းမှ မိုးညှင်း မြို့အထိ မီးရထားခရီးစဉ် ဆက်လက်တိုးချဲ့ပြေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လမ်းပိုင်းပြုပြင်ခြင်း လုပ်ငန်းများကို လာမည့် ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ထိုသို့ တိုးချဲ့ပြေးဆွဲနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့သည် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေးနှင့် ရထားလမ်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။
အဆိုပါ လမ်းပိုင်းဆောင်ရွက် ပြီးစီးပါက မိုးညှင်း- မြစ်ကြီးနား၊ မြစ်ကြီးနား-မိုးညှင်း ရထားပြေးဆွဲ နိုင်ရေး မြင်းကောင်ရေ ၁၃၀၀ အား စက်ခေါင်း၊ မြင်းကောင်ရေ ၂၀၀၀ အားစက်ခေါင်းများဖြင့် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရပြီး လူစီးတွဲများကိုလည်း Auto Coupler တွဲဆိုင်းများဖြင့် ပြေးဆွဲ သွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကာ ရိုးရိုးတန်းလူစီးတွဲ လေးတွဲ၊ အထက်တန်းလူစီးတွဲ တစ်တွဲ၊ ကုန်တင်ဘရိတ်တွဲ တစ်တွဲ ပါဝင်သော တွဲဆိုင်းများဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မိုးကောင်း-မိုးညှင်း လမ်းပိုင်း ရထားလမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင် ရွက်ရာတွင် ရထားလမ်း ၅၂ ဒသမ ၂၅ မိုင်ရှိသည့်အနက် လမ်းပိုင်းပြုပြင်ပြီးစီးမှု ၃၉ မိုင်၊ ရာခိုင်နှုန်းအားဖြင့် ၇၄ ဒသမ ၆၄ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ရထားလမ်းပိုင်းအတွင်းရှိ ဘူတာ ရှစ်ဘူတာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရထားလမ်းပိုင်းရှိ တံတားပြုပြင်မှုတွင် သံပေါင် ပြုပြင်ခြင်းလုပ်ငန်းကို ရာခိုင်နှုန်း ပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး တံတားရေလယ်တိုင်များ ပြုပြင်ခြင်းကို ဆက်လက်ဆောင်ရွက် လျက်ရှိကာ လာမည့်ဇူလိုင်လ ဒုတိယပတ်တွင် လမ်းပိုင်းပြုပြင် ခြင်းလုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများက မီးရထားလမ်းများ ဖျက်ဆီးမှုကြောင့် ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်ကာ ရပ်ဆိုင်းထားခဲ့ရသော်လည်း ပြည်နယ် အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း၍ ပြုပြင်ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် မြစ်ကြီးနား-မိုးကောင်း မီးရထားလမ်းပိုင်း ခရီး မိုင် ၃၆ ဒသမ ၇၅ မိုင်ကို ပြန်လည် ပြေးဆွဲနိုင်ခဲ့ပြီး စတင်ပြေးဆွဲချိန်က RBE ကားရထားဖြင့်သာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ရထားစီး ပြည်သူများပြားလာသည့်အတွက် စက်ခေါင်း လူစီးတွဲ လေးတွဲ၊ ဘရိတ်တွဲ တစ်တွဲဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)


