ပင်လောင်း ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကောင်ထိန်ကျေးရွာတွင် ကောင်ထိန်-သိန်းလားပြား-ဝါးပြုံးကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ ကျောက်ချောလမ်းနှင့် ဘီလူးချောင်းကူး သံကူကွန်ကရစ် တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်မြင့်သန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားပြီး မြောက်ထီဗွာကျေးရွာအုပ်စုမှ ဦးသန်းကျော်က လမ်း၊ တံတားဆောက်လုပ်ခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ကိုယ်ထူကိုယ်ထ တံတားသည် အလျား ၂၄ ပေ၊ အကျယ် ၁၃ ပေနှင့် ကောင်ထိန်-သိန်းလားပြား- ဝါးပြုံး ကျေးရွာချင်းဆက် ကျောက်ချောလမ်းသည် အကျယ် ၁၂ ပေ၊ အရှည် ၄၆၂၈ ပေရှိကြောင်းနှင့် စုစုပေါင်းငွေကျပ် သိန်း ၄၃၀ ခန့်ကုန်ကျကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


