ပေါင် ဇွန် ၄
သထုံခရိုင်အတွင်းရှိ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံ ခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မုတ္တမကျေးရွာ မြင်းတပ်ရပ်သင်္ဘောဆိပ်ဟောင်း၌ ပြုလုပ်သည်။
သထုံခရိုင်မီးသတ်ဦးစီးမှူး ဦးဝေယံအောင် ဦးဆောင်သော သထုံ၊ ပေါင်၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တို့မှ မြို့နယ် မီးသတ်ဦးစီးမှူးများနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အဖွဲ့များ၊ ကြက်ခြေနီအသင်းတို့က မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မုန်တိုင်းဘေးအန္တရာယ် ခံစားရသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ ရေပြင်အသက်ကယ်ဆယ်ခြင်း၊ ထိခိုက်သူများအား ရှေးဦးပြုစုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မိမိတို့၏ ဘေးကင်းလုံခြုံ ရေးသတိပြုခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခြင်းစသည်တို့ကို သရုပ်ပြသဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


