နေပြည်တော် ဇွန် ၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းသည် ယနေ့တွင် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး သုတေသန လုပ်ငန်းများအား ဒေသတွင်း ကုန်ထုတ်လုပ်မှု၊ MSMEs လုပ်ငန်းများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝကို တိုက်ရိုက်အကျိုးပြုသည့် လက်တွေ့အသုံးချသုတေသန (Applied Research) များ ဖြစ်လာစေရေး အလေးထားဆောင်ရွက်ရန်နှင့် သုတေသနရလဒ်များကို နည်းပညာလွှဲပြောင်းပေးခြင်း၊ လက်တွေ့ အသုံးချခြင်းတို့ဖြင့် Innovation Ecosystem ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့အတူ ဇွန် ၄ ရက်တွင် မော်တော်ယာဉ်နည်းပညာသုတေသနဌာနသို့ သွားရောက်၍ လျှပ်စစ်သုံး မော်တော်ယာဉ် (EV) နည်းပညာနှင့် မွေးမြူရေးကဏ္ဍ IoT နည်းပညာအသုံးချ သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ AI နည်းပညာကို သင်ယူရေးနှင့် နည်းပညာလုပ်ငန်းများတွင် အထောက်အကူပြုကိရိယာအဖြစ် မှန်ကန်စွာအသုံးချပြီး မိမိတို့၏ အသိပညာနှင့် ဆန်းသစ်တီထွင် နိုင်စွမ်းများကို စဉ်ဆက်မပြတ် မြှင့်တင်ကြရန် မှာကြားသည်။
ဇွန် ၃ ရက်တွင် ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) သို့ သွားရောက်၍ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုအခြေအနေများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


