ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့မှု၊ ကုန်သွယ်စီးပွားကောင်းမွန်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံစိတ်ချကောင်းမွန်မှုသည် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်လမ်းကြောင်းများ၌ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့ရှိသည့်အနက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးတို့သည် ပြည်တွင်း၊ ပြည်ပသွင်းကုန်၊ ထုတ်ကုန်များအတွက် အဓိကကျသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများဖြစ်သည်။

 

မြန်မာနိုင်ငံသည် တောင်အာရှဒေသ၏ ဆုံချက်တွင်တည်ရှိသဖြင့် မဟာဗျူဟာမြောက်သည့် ထူးခြားသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်။ အရှေ့ဘက်တွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံနှင့် အနောက်ဘက်တွင်လည်း စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံတို့နှင့် အိမ်နီးချင်းနိုင်ငံများအဖြစ်လည်းကောင်း၊ မိတ်ဟောင်းဆွေဟောင်းနိုင်ငံများအဖြစ်လည်းကောင်း၊ မိတ်ဖက်နိုင်ငံများအဖြစ်လည်းကောင်း အစဉ်အလာမပျက် ထိတွေ့ဆက်ဆံလုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အရှေ့နှင့် အနောက်ကို ပေါင်းကူးဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက်နိုင်ငံဖြစ်သည်။ ဒေသတွင်း ဈေးကွက်များကို ချိတ်ဆက်ပေးပြီး ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် စီးပွားရေးပေါင်းစည်းမှုတို့ကို လွယ်ကူချောမွေ့စေသည့် သဘာဝကုန်းတွင်းတံတား (Natural Land Bridge) သဖွယ်တည်ရှိနေသည်။

အရှေ့ဘက်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် အဓိကကျသည့် တရုတ် - မြန်မာ မူဆယ် -၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနှင့် ထိုင်း - မြန်မာ မြဝတီကုန်သွယ်ရေးစခန်းတို့သည် အရေးပါသည့်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည်။ အနောက်မြောက်ဘက်တွင် အိန္ဒိယ - မြန်မာ တမူးကုန်သွယ်ရေးလမ်းကြောင်းသည် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ အဆိုပါကုန်သွယ်ရေးလမ်းကြောင်းများမှ နှစ်နိုင်ငံဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကို ပုံမှန်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ အဆိုပါဒေသများတွင် မတည်ငြိမ်မှု၊ မလုံခြုံမှုများဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်ပြတ်တောက်သွားခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ထိခိုက်နစ်နာခဲ့ရသည်။

 

တပ်မတော်အနေဖြင့် ကုန်စည်စီးဆင်းမှုနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြဝတီကုန်သွယ်ရေးနှင့် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းများ လုံခြုံစိတ်ချတည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ကလေးနှင့် တမူးဆက်သွယ်ရေးလမ်းကြောင်းကို အမြန်ဆုံးဖွင့်လှစ်နိုင်အောင် ကြိုးပမ်းခဲ့ရာ နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ပြီဖြစ်သည်။ အိန္ဒိယအရှေ့မြောက်ဒေသ မိုရေးနှင့် တမူး ဆက်သွယ်သည့်လမ်းကြောင်းသည် အရေးပါသဖြင့် မြန်မာနိုင်ငံသို့ အိန္ဒိယထုတ်ကုန်များ ဝင်ရောက်လာနိုင်ရေး၊ အိန္ဒိယပြည်သူများ မြန်မာနိုင်ငံနယ်စပ်ဂိတ်မှတစ်ဆင့် ကူးလူးဆက်ဆံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိုင်ပေါင်း ၈၀၀ ကျော်ရှည်လျားသည့် မြန်မာ - ထိုင်း - အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးအခြေအနေအရ အခက်အခဲရှိသောနေရာများတွင် ရပ်တန့်လျက်ရှိသည်။ ထိုင်း - မြန်မာလမ်းကြောင်းပိုင်းမှာမူ ပွင့်သွားပြီဖြစ်သည်။ အိန္ဒိယမှ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ဆက်သွယ်သည့် လမ်းကြောင်းမှာ ပိုမိုအရေးပါသည်။

 

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွက် ကြီးမားသောကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ နှစ်စဉ် နှစ်ဘီလီယံကျော် ကုန်သွယ်မှုရှိပြီး မြန်မာနိုင်ငံမှ ပို့ကုန်မှာ ပိုများသည်။ ဥပမာ သစ်တောနှင့် သတ္တုထွက်ကုန်ပစ္စည်းပို့ကုန်များ၊ ရော်ဘာ၊ ချည်မျှင်ရှည်ဝါ၊ ပဲအမျိုးမျိုးနှင့် အခြားထွက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။ အိန္ဒိယနိုင်ငံဘက်မှ သံ၊ သံမဏိ၊ အထည်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို တင်သွင်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကွန်ရက်သဖွယ်ချိတ်ဆက်လျက်ရှိသည်။ အဆိုပါကုန်သွယ်ရေး ကွန်ရက်များသည် မြန်မာနိုင်ငံ လူဦးရေသန်း ၅၀ ကျော်၏ ဈေးကွက်ဖြစ်သလို အိမ်နီးချင်းနှင့်ဒေသတွင်း စုစုပေါင်းလူဦးရေသန်း ၂၀၀ ကျော်၏ ဈေးကွက်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်ရေးသည် အရေးကြီးသည့်အချက်များဖြစ်ရာ ဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနှောင့်ယှက်လျက်ရှိသည့် ဒေသအသီးသီးမှ အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်နှင့်အတူ ပူးပေါင်းလက်တွဲရှင်းလင်းပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ကူးသန်းသွားလာမှု၊ စီးပွားကူးသန်းရောင်းဝယ်မှုများ တိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြပြီး နိုင်ငံအဆင့်အတန်း၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။