ဂျီနီဗာ ဇွန် ၁၀
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်မှု များပြားနေပြီး ယူဂန်ဒါနိုင်ငံသို့ ရောဂါကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
၎င်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် ဒေသတွင်းနိုင်ငံများတွင် ရောဂါကူးစက်မှုများ ရှိသော်လည်း ကမ္ဘာတစ်ဝန်းနှင့် ကျန်အာဖရိကဒေသနိုင်ငံများတွင် ရောဂါကူးစက်မှုနည်းကြောင်း သိရသည်။ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ရောဂါကူးစက်သူ ၅၁၅ ဦးနှင့် သေဆုံးသူ ၉၁ ဦး၊ ယူဂန်ဒါနိုင်ငံတွင် ရောဂါကူးစက်သူ ၁၉ ဦးနှင့် သေဆုံးသူနှစ်ဦးရှိကာ အဆိုပါရောဂါ ကူးစက်မှုဖြစ်ရပ်များသည် ရောဂါပိုးရှိသူများနှင့် အနီးကပ်နေထိုင်သူများနှင့် ကျန်းမာရေးလုပ်သားများတွင် တွေ့ရှိရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အီဘိုလာရောဂါကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အာဖရိကဒေသ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာတို့ပူးပေါင်း၍ ရောဂါကာကွယ်ရေးအတွက် ရန်ပုံငွေကန်ဒေါ်လာ ၅၁၈ သန်း ရရှိရေးကြိုးပမ်းဆောင်ရွက်နေသည်။
ယခု ရောဂါကူးစက်မှုများတွင် တွေ့ရှိရသည့် Bundibugyo ဗိုင်းရပ်စ်သည် သစ်သီးစားလင်းနို့များတွင် အစပြုသည်ဟု ယုံကြည်ရပြီး ရောဂါပိုးကူးစက်ခံထားရသော တိရစ္ဆာန်များ၏သွေး သို့မဟုတ် ရောဂါပိုးကူးစက်ခံထားရသူများ၏ ခန္ဓာကိုယ်အရည်များနှင့် အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


