ရန်ကုန် ဇွန် ၁၀
၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် လာအိုကလပ်အသင်းနှင့် တွေ့ဆုံနေသည်။
ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲ ပွဲကို ဇွန် ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့ပြီး ခြေစစ်ပွဲအဆင့်တွင် လေးသင်းယှဉ်ပြိုင်ရမည်ဖြစ်ကာ မြန်မာကလပ်ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်း၊ ဖိလစ်ပိုင်ကလပ် မနီလာဒီဂါအသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့ တွေ့ဆုံနေသည်။ ခြေစစ်ပွဲပထမအကျော့ကို စက်တင်ဘာ ၁ ရက်နှင့် ဒုတိယအကျော့ကို စက်တင်ဘာ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်း စတင်ကစားရမည်ဖြစ်သည်။ နောက်ဆုံးအဆင့် အုပ်စုကို ခုနစ်သင်း နှစ်အုပ်စုခွဲ ကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု(B) သို့ ကျရောက်မည်ဖြစ်သည်။ အုပ်စု(A) တွင် ဘူရီရမ် ယူနိုက်တက်(ထိုင်း)၊ ရတ်ချာဘူရီ(ထိုင်း)၊ ကူချင်းစီးတီး (မလေးရှား)၊ တမ်ပနိစ်ရိုဗာ(စင်ကာပူ)၊ ဗီယက်နမ်ဖလားပြိုင်ပွဲ ချန်ပီယံအသင်း၊ ဘော်နီယို(အင်ဒိုနီးရှား) ဖိလစ်ပိုင်ကလပ်နှင့် ဘရူနိုင်းကလပ်ခြေစစ်ပွဲမှ အနိုင်ရအသင်း၊ အုပ်စု(B)တွင် Port (ထိုင်း)၊ ဂျိုဟိုးဒါရူးလ် (မလေးရှား)၊ Lion City Sailors (စင်ကာပူ)၊ ကောင်အန်ဟနွိုင်း(ဗီယက်နမ်)၊ Svay Rieng(ကမ္ဘောဒီးယား)၊ ပါဆစ်ဘန်ဒေါင်း(အင်ဒိုနီးရှား)၊ မြန်မာကလပ်နှင့် လာအိုကလပ် ခြေစစ်ပွဲမှ အနိုင်ရအသင်းတို့ ပါဝင်နေသည်။
မြန်မာကလပ်ရှမ်းယူနိုင်တက်အသင်းသည် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် သုံးရာသီ ဆက်တိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-AFC


