နေပြည်တော် ဇွန် ၁၁
တပ်မတော်အနေဖြင့် အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် တီးတိန်မြို့များ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးဖြစ်သော ဘိလပ်မြေ အိတ်၂၀၀၊ သွပ်အချပ်၂၁၅၀၊ သံ ကိုးဖာနှင့် ဝါရှာကွင်း တစ်ဖာ၊ ကျောင်းသုံးသင်ရိုးညွှန်းတမ်းစာအုပ် ၂၇၂ အုပ်နှင့် ဆန်အိတ် ၈၄၀၊ ဆီ ၃၇၁ ပိဿာတို့ကို ယနေ့တွင် မန္တလေးမြို့မှ တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပညာရေးကဏ္ဍသုံးပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ချင်းပြည်နယ် ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် တီးတိန်မြို့များသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


