ရန်ကုန် ဇွန် ၁၁

ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးက ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းမောင်နှင့်ဇနီး၊ ဒေါက်တာမောင်သင်း၊ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တပ်မတော်အဆင့်မြင့်အရာရှိ ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Natalia Nefedova၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုကို ပြသသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်သည်။ ညစာသုံးဆောင်နေစဉ် အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ညစာသုံးဆောင်အပြီးတွင် ဒုတိယသမ္မတသည်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်