ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

 

မန္တလေး ဇွန် ၁၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မန္တလေးတိုင်း ဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် အဆိုပါရုံးအစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။ ယင်းနောက် ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ တအာင်း၊ နာဂ၊ ရှမ်းနီ၊ ပအိုဝ်း၊ လီဆူနှင့် မယ်တိုင်(ကသဲ) တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုး အမည်မှားယွင်းမှုကိစ္စများ၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော် အခမ်းအနားကျင်းပရေးနိုင်ရေးအတွက် မြေကွက်နေရာ ရရှိရေးဆိုင်ရာကိစ္စများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်