ရန်ကုန်တိုင်းဒေသကြီး၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၃

၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

 

ထို့နောက် ဘော်လီဘော သင်တန်းဖွင့်ပွဲကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာ စကားပြောကြားပြီး သင်တန်းသား သင်တန်းသူ ကျောင်းသား ကျောင်းသူ ၉၀၀ တို့ကို အားကစား အထောက်အကူပြု ပစ္စည်းများ ပေးအပ်သည်။

 

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ၁၄ ခရိုင် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့် ပွဲကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲ ရုံ(၁)၌ ကျင်းပရာ ခရိုင်အလိုက် ဆုရရှိသူ များကို တိုင်းဒေသကြီးဝန်ကြီးများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ်ကြသည်။

 

ထို့နောက် အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗိုလ်တထောင် ခရိုင်အသင်းနှင့် အမျိုးသား ဘတ်စကက်ဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောက်တံတားခရိုင်အသင်းတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က တစ်ဦး ချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)