မောင်လူအေး (လူငယ်ရေးရာ)

 

 

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လူငယ်ဦးရေအများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ် တွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြား လူငယ်ဦးရေမှာ သန်း ၄၀၀ ခန့်ရှိသည့်အတွက် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ကဏ္ဍကို အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်၍ အပြုသဘောဆောင်သော မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

 

အိန္ဒိယအစိုးရသည် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် လူငယ်အင်အားများပြားနေခြင်းအပေါ် လူဦးရေဆိုင်ရာဆုလာဘ် (Demographic Dividend)ကို ရယူရန် အခြေအနေကောင်းသို့ ရောက်ရှိနေကြောင်း လက်ခံထားပြီး ယင်းအခြေအနေသည် အိန္ဒိယနိုင်ငံအတွက် ကမ္ဘာကို ဦးဆောင်ရန် အခွင့်အလမ်းတစ်ရပ်အဖြစ် သတ်မှတ်ထားပါသည်။ အိန္ဒိယနိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက် ပန်းတိုင်က ခေတ်မီ၍ စည်းလုံးညီညွတ်ပြီး ကိုယ့်အားကိုယ်ကိုးနိုင်သော နိုင်ငံအဖြစ် အသွင်ပြောင်းလဲရန် ရည်ရွယ်ထားခြင်းဖြစ်ရာ လူငယ်များ၏ စွမ်းရည်နှင့် အလားအလာကို မြှင့်တင်ပေးခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ပါတည်း ဖော်ဆောင်နေခြင်းဖြစ်သည်။

 

 

အိန္ဒိယနိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာရန်နှင့် နိုင်ငံလွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း ၁၀၀ ပြည့်မည့် ၂၀၄၇ ခုနှစ်တွင် ဖွံ့ဖြိုးပြီးအိန္ဒိယ (Viksit Bharat) ဖြစ်လာရန် ရည်မှန်းထားရှိရာ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကမောင်းနှင်အားဖြစ်သည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါသည်။

 

 

လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာနသည် မိတ်ဖက်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လူငယ်များ၏ အလားအလာနှင့် စွမ်းအားများကို အပြည့်အဝအသုံးချနိုင်ရန်အတွက် မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များ ပါဝင်သော ဘက်ပေါင်းစုံချဉ်းကပ်မှုနည်းဗျူဟာကို အကောင်အထည်ဖော်လျက်ရှိပါသည်။ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စေတနာ့ဝန်ထမ်းလုပ်ငန်း အစီအစဉ်၊ ခေါင်းဆောင်မှုလေ့ကျင့်ရေးနှင့် လူမှုရေးဆိုင်ရာပေါင်းစည်းပါဝင်မှုတို့ကို အဓိကထားသည့် အစီအစဉ်များဖြစ်သည့် Skill India Mission ၊ Startup India Scheme ၊ Nehru Yuva Kendra Sangathan (NYKS)၊ Rajiv Gandhi National Institute of Youth Development (RGNIYD)၊ Youth Resource Center (YRC)၊National Service Scheme (NSS) စသည့် လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

 

အမျိုးသားလူငယ်မူဝါဒ

 

 

အိန္ဒိယနိုင်ငံသည် လူငယ်များ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ အလားအလာများကို အပြည့်အဝဖော်ထုတ်ပေးနိုင်ရန် အမျိုးသားလူငယ်မူဝါဒ (National Youth Policy) ကို စနစ်တကျ ရေးဆွဲထားရှိပါသည်။ ယင်းမူဝါဒသည် ပညာရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အလုပ် အကိုင်ရရှိရေး၊ ကျန်းမာရေးနှင့် လူမှုဘဝစောင့်ရှောက်မှု စသည့်အဓိကကဏ္ဍများကို ဦးတည်ချက်ထားရှိကာ ဆောင်ရွက်လျက်ရှိပါသည်။ အိန္ဒိယအစိုးရသည် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးအကျုံးဝင်သည့် အမျိုးသားလူငယ်မူဝါဒအဆင့်ဆင့်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုအဆင်ပြေချောမွေ့စေရန် အမျိုးသားဝန်ဆောင်မှုအစီအစဉ် (National Service Scheme-NSS) ကဲ့သို့သော အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

 

အမျိုးသားလူငယ်မူဝါဒ (၂၀၁၄) သည် လူငယ်များ၏ အလားအလာများကို အပြည့်အဝအသုံးချနိုင်ရန်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်စေရန် ရည်ရွယ်၍ ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ အမျိုးသားလူငယ်မူဝါဒ (၂၀၂၁) မူကြမ်းတွင် လူငယ်များ၏ စွမ်းပကားအပြည့်အဝရောက်ရှိစေရန်နှင့် ၎င်းလူငယ်များမှတစ်ဆင့် အိန္ဒိယနိုင်ငံအား ကမ္ဘာ့အသိုက်အဝန်းတွင် သင့်တင့်လျောက်ပတ်သည့် နေရာတစ်ခုရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားပါသည်။

 

 

အမျိုးသားလူငယ်မူဝါဒ (၂၀၁၄) တွင် ရည်မှန်း ချက် (၅) ရပ်၊ ဦးစားပေးနယ်ပယ် ၁၁ ခုနှင့် ယင်းနယ်ပယ်များအလိုက် မူဝါဒဆိုင်ရာ ဆောင်ရွက်ရမည့် အချက်များ ပါဝင်ပါသည်။ အမျိုးသားလူငယ်မူဝါဒ (၂၀၁၄) ၏ ရည်မှန်းချက် (၅) ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ထုတ်လုပ်မှုစွမ်းရည်မြင့်မားသော လုပ်သားအင်အားစုဖွဲ့စည်းခြင်း၊

(ခ) အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သည့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်များ ဖွံ့ဖြိုးစေခြင်း၊

(ဂ) လူမှုတန်ဖိုးများ ထည့်သွင်းပေးခြင်းနှင့် ပြည်သူ့ဝန်ထမ်းစိတ်ဓာတ်မြှင့်တင်ခြင်း၊

(ဃ) အုပ်ချုပ်ရေးအဆင့်တိုင်းတွင် ပါဝင်ဆောင်ရွက်မှုနှင့် ပြည်သူ့အရေးကိစ္စများတွင် စွမ်းဆောင်မှုမြှင့်တင်ခြင်း၊

(င) အန္တရာယ်နှင့်ရင်ဆိုင်နေရသော လူငယ်များအား ပံ့ပိုးကူညီခြင်းနှင့် မညီမျှမှုခံစားနေရသည့် လူငယ်အုပ်စုများအတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။

 

 

အမျိုးသားလူငယ်မူဝါဒ (၂၀၁၄) သည် လူငယ်များအား ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် လူမှုရေးဆိုင်ရာတာဝန်ယူမှု စသည့်ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။ အမျိုးသားလူငယ်မူဝါဒ (၂၀၁၄) ၏ အဓိက ဦးစားပေးနယ်ပယ် (၁၁) ရပ်မှာ-

(က) ပညာရေး (အရည်အသွေးပြည့်ဝသော၊ လူတိုင်းလက်လှမ်းမီသော ပညာရေးရရှိစေရန်)၊

(ခ) ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် (အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရန်နှင့် လုပ်ငန်းခွင်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုများကို သင်ကြားပေးရန်)၊

(ဂ) ကျန်းမာရေးနှင့် ကျန်းမာသော လူနေမှုပုံစံ (ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများကို တိုးမြှင့်ပေးရန်)၊

(ဃ) အားကစား (အားကစားကို အားပေးမြှင့်တင်ရန်နှင့် အားကစားသမားကောင်းများ မွေးထုတ်ပေးရန်)၊

(င) လူမှုရေးတန်ဖိုးများမြှင့်တင်ခြင်း (နိုင်ငံသားကောင်းစိတ်ဓာတ်၊ ညီညွတ်မှုနှင့် တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်တို့ကို ပျိုးထောင်ပေးရန်)၊

(စ) ရပ်ရွာလူထုပါဝင်ဆောင်ရွက်မှု (လူငယ်များ ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်စေရန်)၊

(ဆ) နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် ပါဝင်မှု (ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အသံကို ပါဝင်စေရန်)၊

(ဇ) လူငယ်များပူးပေါင်းပါဝင်စေမှု (လူငယ်များ၏ အတွေးအခေါ်နှင့် အကြံဉာဏ်များကို အသုံးပြုရန်)၊

(ဈ) လူမှုအဖွဲ့အစည်းများတွင် ပေါင်းစည်းပါဝင်မှု (စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအရ နောက်ကျကျန်ရစ်နေသူများ၊ မသန်စွမ်းသူများနှင့် ပဋိပက္ခဒေသများမှ လူငယ်များအား အခွင့်အလမ်းများပေးနိုင်ရန်)၊

(ည) လူမှုတရားမျှတမှု (လူငယ်များအား မမျှတမှုများမှ ကာကွယ်ပေးပြီး တရားမျှတမှု ရရှိ စေရန်)။

 

 

အမျိုးသားလူငယ်မူဝါဒ (၂၀၁၄) အရ လူငယ်တစ်ဦးချင်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသည်ဟူသော အယူအဆပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး အိန္ဒိယအစိုးရအနေဖြင့် လူငယ်များ၏ စွမ်းရည်အပြည့်အဝဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်ပေးခြင်းကို ရေရှည်လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်များပြားလှသော အစီအစဉ်များမှတစ်ဆင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။

 

 

အမျိုးသားလူငယ်မူဝါဒ (၂၀၂၁) သည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံရောက်ရှိရန် ရည်မှန်းထားသည့် ၁၀ နှစ်တာ လူငယ်ဖွံ့ဖြိုးရေးမျှော်မှန်းချက်များကို ဖော်ပြထားပါသည်။ ဤမူဝါဒသည် လူငယ်အားလုံးအား အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများနှင့် ဘဝတွက်တာကျွမ်းကျင်မှုများကို သင်ကြားပေးသည့် ပညာရေးစနစ်တစ်ရပ်ဖြစ်ပေါ်လာစေရန် မျှော်မှန်းထားရှိပါသည်။

 

 

ထို့ပြင် ကျေးလက်ဒေသစီးပွားရေးကို ပြန်လည်ရှင်သန်စေရန်နှင့် ကျေးလက်ဒေသတွင် နေထိုင်သောလူငယ်များကို အားပေးမည့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို လူငယ်များရရှိစေရန်၊ ဒေသအလိုက်အကောင်အထည်ဖော်မည့် နည်းဗျူဟာများမှတစ်ဆင့် အလုပ်အကိုင်များ ဖန်တီးပေးရန်၊ စွန့်ဦးတီထွင်မှုနှင့် လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်မှုများကို အားပေးမြှင့်တင်ရန်၊ Informal စီးပွားရေးနှင့် Gig စီးပွားရေးကို ပံ့ပိုးကူညီရန် ဖော်ပြပါရှိပါသည်။

 

 

Informal စီးပွားရေးဆိုသည်မှာ နိုင်ငံတော်၏ ဥပဒေ၊ စည်းမျဉ်းများနှင့် အခွန်စနစ်များ၏ ပြင်ပတွင် လုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်များကို ဆိုလိုပါသည်။ ၎င်းစီးပွားရေးပုံစံတွင် ဈေးသည်များ၊ လမ်းဘေးအရောင်းဆိုင်များ၊ အိမ်အကူများ၊ လယ်သမားများနှင့် ပစ္စည်းသယ်ယူပို့ဆောင်သူများ စသည်တို့ပါဝင်ကြပါသည်။ Gig စီးပွားရေးဆိုသည်မှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြု၍ ယာယီ/အချိန်ပိုင်းအလုပ်များကို လုပ်ကိုင်ကြသော နည်းပညာကို အခြေခံသည့် ခေတ်သစ်စီးပွားရေးပုံစံဖြစ်ပါသည်။

 

 

ထိုစီးပွားရေးပုံစံ၏ လက္ခဏာရပ်များမှာ ပရောဂျက်အလိုက် ယာယီအလုပ်များ၊ ဒီဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် အလုပ်ရှင်နှင့်အလုပ်သမား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ လွတ်လပ်စွာ အလုပ်အကိုင်ရွေးချယ်ခွင့်ရှိသော်လည်း ဝင်ငွေနှင့် အလုပ်အကိုင် တည်ငြိမ်မှုမရှိခြင်းတို့ ဖြစ်သည်။ စားသောက်ကုန်ပို့ဆောင်သူများ (Food Panda ၊ Grab)၊ အွန်လိုင်းဒီဇိုင်နာများ၊ Freelance စာရေးဆရာများသည် Gig စီးပွားရေးပုံစံထဲတွင် ပါဝင်ပါသည်။

 

 

အမျိုးသားလူငယ်မူဝါဒ (၂၀၁၄) နှင့် (၂၀၂၁) တို့တွင် ဦးစားပေးကူညီထောက်ပံ့ပေးရမည့် လူငယ်အုပ်စုငါးစုအား သတ်မှတ်ပေးထားပြီး ၎င်းတို့မှာ ကျေးလက်နှင့် တိုင်းရင်းသားလူငယ်များ၊ ကျောင်းမနေသောလူငယ်များ၊ ဆယ်ကျော်သက်များ (အထူးသဖြင့် မိန်းကလေးဆယ်ကျော်သက်များ)၊ မသန်စွမ်းလူငယ်များနှင့် အထူးခက်ခဲသောအခြေအနေရှိ လူငယ်များ (လူကုန်ကူးခံရသူများ၊ မိဘမဲ့များနှင့် လမ်းပေါ်နေလူငယ်များ) ဖြစ်ကြပါသည်။

 

 

သို့ဖြစ်ရာ အိန္ဒိယအစိုးရ၏ အမျိုးသားလူငယ်မူဝါဒ (၂၀၂၁) သည် ၎င်းတို့ရရှိထားသည့် လူဦးရေဆိုင်ရာ ဆုလာဘ်အား စနစ်တကျအသုံးချပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော လူငယ်များဖြစ်လာစေရေး စနစ်တကျပြုစုပျိုးထောင်ပေးမည့် စီမံကိန်းတစ်ရပ်ပင်ဖြစ်ပါသည်။ အမျိုးသားလူငယ်မူဝါဒကို အကောင်အထည်ဖော်ရန် လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာနက အဓိကတာဝန်ယူပြီး အခြားသက်ဆိုင်သောဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

 

ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်၍ ထူးခြားချက်မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအောက်ရှိ ဝန်ကြီးဌာနများအားလုံး (အထူးသဖြင့် လူမှုရေးကဏ္ဍ) သည် လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များအတွက် ၎င်းတို့၏ ဘတ်ဂျက်အသုံးစရိတ်တွင် သီးသန့်ငွေစာရင်းများ သတ်မှတ်ပြီး ဆောင်ရွက်နိုင်ကြောင်း အိန္ဒိယအစိုးရက ခွင့်ပြုပေးထားခြင်းဖြစ်သည်။

 

 

ထို့ပြင် အမျိုးသားလူငယ်မူဝါဒ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမျိုးသားကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားရှိပါသည်။ ယင်းကော်မတီသည် လူငယ်များအတွက် ရည်ရွယ်သည့် ဖွံ့ဖြိုးမှုအစီအစဉ်များနှင့် စီမံချက်များကို ပြန်လည်သုံးသပ်ရန်နှင့် ၎င်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန်အတွက် အစိုးရအား အကြံဉာဏ်ပေးခြင်း၊ ထောက်ခံပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။ အမျိုးသားလူငယ်မူဝါဒ၏ လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အလှူငွေများဖြင့် “အမျိုးသားလူငယ် ဖွံ့ဖြိုးရေးရန်ပုံငွေ” တစ်ရပ်ကို ဖွဲ့စည်းထားရှိပြီး လှူဒါန်းငွေများအပေါ် အခွန်ကင်းလွတ်ခွင့်ရရှိစေရန်လည်း ဆောင်ရွက်ပေးထားပါသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရသည် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသောမူဝါဒနှင့် အစီအစဉ်များ၊ အခြေခံအဆောက်အအုံများကို စနစ်တကျဖွဲ့စည်းထားရှိကြောင်း တွေ့ရှိရပါသည်။ ။