ကရာချိ ဇွန် ၁၃
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ကရာချိမြို့၌ မျောက်ကျောက်ရောဂါပိုးကူးစက်ခံရသည့် လူနာသစ်တစ်ဦးကို အတည်ပြုတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကျန်းမာရေးဌာနက ဇွန် ၁၃ ရက်တွင် ပြောကြားသည်။
ကျန်းမာရေးဌာနအရာရှိများ၏ အဆိုအရ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးသည် ကျန်းမာရေးစစ်ဆေးမှုမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး ၎င်းအားမြို့တွင်းရှိ ဒေသခံဆေးရုံတစ်ရုံတွင် ကုသမှုခံယူစေကာ စောင့်ကြည့်လျက်ရှိသည်။
လူနာသည် မကြာသေးမီက ခရီးသွားမှတ်တမ်းမရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ဒေသတွင်း ရောဂါကူးစက်မှုဖြစ်နိုင်ခြေဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ယခုဖြစ်ရပ်ကြောင့် ကရာချိတွင် မျောက်ကျောက်ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာအရေအတွက်မှာ ၁၀ ဦးရှိလာကာ ဆင်းဒ်ပြည်နယ်တွင် ၃၅ ဦးအထိ မြင့်တက်လာခဲ့ပြီး အာဏာပိုင်များသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် စောင့်ကြည့်ခြင်းနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်ခဲ့သည်။
ယခုနှစ်တွင် ဆင်းဒ်ပြည်နယ်၌ မျောက်ကျောက်ရောဂါကြောင့် အနည်းဆုံး သေဆုံးသူ ကိုးဦးရှိခဲ့သည်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် နောက်ထပ်ကူးစက်မှုများကို ကာကွယ်ရန် အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရောဂါရှိသူများအား ခြေရာခံခြင်းနှင့် စောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အာဏာပိုင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ


