ဂျကာတာ   ဇွန်   ၁၄

အင်ဒိုနီးရှားနိုင်ငံ၌ အဏ္ဏဝါညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် အဏ္ဏဝါညစ်ညမ်းမှုထိန်းချုပ်ရေး   အောင်မြင်စွာဆောင်ရွက်နိုင်သည့် ဒေသန္တရအစိုးရများအား ဆုကြေးပေးသည့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ချက်သည် အမျိုးသားအဏ္ဏဝါညစ်ညမ်းမှုစီမံခန့်ခွဲရေးမူဝါဒ၏   အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အဏ္ဏဝါနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန အဏ္ဏဝါစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ကော့ဝါရာက ပြောကြားသည်။

ပင်လယ်ရေထဲသို့  အမှိုက်များစွန့်ပစ်သည့် ဒေသများကို ဒဏ်ရိုက်မည်ဖြစ်ပြီး အမှိုက်များကို  စနစ်တကျစီမံခန့်ခွဲသည့် ဒေသများကို   ဆုပေးအပ်မည်ဟု  ၎င်းက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် နှစ်စဉ်ပင်လယ်ထဲသို့  အမှိုက်တန်ချိန်  သန်း  ၂၀  ခန့် ရောက်ရှိလာကာ  ယင်းပြဿနာကို နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းဖြင့် ဖြေရှင်း၍မရဘဲ ဒေသန္တရအစိုးရများ၊ လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများအကြား   ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမုဒ္ဒရာကို ညစ်ညမ်းစေသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် လူသားများ၏ ဆောင်ရွက်ချက်များမှ ဖြစ်လာခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။ မိမိတို့လူသားများသည် ပလတ်စတစ်အမှိုက်များကို ထုတ်လုပ်သူများဖြစ်သောကြောင့်  အမှိုက်ထုတ်လုပ်မှုကို စနစ် တကျ စီမံခန့်ခွဲပြီး အမှိုက်များ ရေပြင်တွင်ရောက်ရှိမှုမရှိစေရေး ဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ