ဒေါက်တာပပဝင်း(စိုက်/သု)

ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေသည် ဆန်းကြယ်လှသော သဘာဝတရား၏ အနုပညာလက်ရာတစ်ခုဖြစ်သည်။ သဘာဝတရားကြီးက ဖန်တီးထားသည့် ကမ္ဘာမြေပေါ်တွင် သက်ရှိ (လူ၊ တိရစ္ဆာန်၊ အပင်)၊ သက်မဲ့ (မြေ၊ ရေ၊ လေ)တို့သည် တစ်ခုနှင့်တစ်ခု အမှီသဟဲပြုပြီး အပြန်အလှန် ချိတ်ဆက်တည်ရှိနေကြသည်။ အလွန်သေးငယ်သော အဏုဇီဝသက်ရှိများ၊ မြေ၊ ရေ၊ လေ အစရှိသည်တို့မှသည် ကြီးမားလှသော သစ်တောကြီးများနှင့် သတ္တဝါကြီးများအထိ အရာအားလုံးသည် သီးခြားစီ တည်ရှိနေကြခြင်းမဟုတ်ဘဲ ကွင်းဆက်တစ်ခုသဖွယ် လည်ပတ်နေကြသည်။

ဤသို့သော ချိတ်ဆက်မှုစနစ်ကို “ဂေဟစနစ်” (Ecosystem)ဟု ခေါ်ဆိုပါသည်။ ဂေဟစနစ်ဆိုသည် မှာ သက်ရှိများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်တို့အကြား အပြန်အလှန် မှီခိုနေထိုင်ကြရသည့် ဖြစ်တည်မှု စနစ်ဖြစ်ပြီး ယင်းစနစ်၏ အနှစ်သာရနှင့် သဘာဝဟန်ချက်မျှတနေမှုတို့သည် ကမ္ဘာမြေစိမ်းလန်း စိုပြည်စွာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပဓာန အကျဆုံးသောအချက်ပင်ဖြစ်သည်။

ဂေဟစနစ်၏ စစ်မှန်သော အနှစ်သာရ

စွမ်းအင်စီးဆင်းခြင်း၊ အပြန်အလှန် အမှီသဟဲ ပြုခြင်းနှင့် မျှခြေကိုထိန်းညှိခြင်းတို့သည် ဂေဟစနစ်၏ အခြေခံသဘောတရားများ ဖြစ်ကြသည်။ အစာကွင်းဆက်နှင့် စွမ်းအင်စီးဆင်းမှုတို့အား ကြည့်မည်ဆိုပါက နေရောင်ခြည်ကို အခြေခံ၍ အပင်များက အစာချက်လုပ်ကြသည်။ အပင်စား သတ္တဝါများ (Herbivores)က အပင်များ စားသုံးကြပြီး ၎င်းတို့ကို အသားစားသတ္တဝါများ(Carnivores) က ပြန်လည်စားသုံးကြသည်။ သက်ရှိများသေဆုံး သွားသည့်အခါ မြေဆီလွှာထဲရှိ အဏုဇီဝသက်ရှိများနှင့် မှိုများက ဆွေးမြည့်စေပြီး သဘာဝမြေဩဇာနှင့် အာဟာရဓာတ်များအဖြစ် မြေဆီလွှာထဲသို့ ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် ကွင်းဆက်တစ်လျှောက် အဆုံးမရှိ လည်ပတ်နေကြခြင်းဖြစ်သည်။

အလားတူ သဘာဝသံသရာလည်မှုတွင်လည်း ရေသံသရာ၊ ကာဗွန်သံသရာနှင့် နိုက်ထရိုဂျင် သံသရာတို့သည် ဂေဟစနစ်ထဲတွင် စဉ်ဆက်မပြတ် လည်ပတ်နေပြီး သက်ရှိတို့ ရှင်သန်ရန်လိုအပ်သော ပတ်ဝန်းကျင်ကို ပံ့ပိုးပေးထားသည်။

ဂေဟစနစ်၏ ဟန်ချက်ညီမှု

“ဂေဟစနစ်၏ ဟန်ချက်ညီမှု” ဆိုသည်မှာ သက်ရှိနှင့် သက်မဲ့ပတ်ဝန်းကျင်တို့အကြား တည်ငြိမ်မှုရှိနေခြင်းကို ဆိုလိုပါသည်။ သဘာဝတရားသည် ယင်း၏ ဟန်ချက်ကို အံ့ဩဖွယ် ထိန်းညှိပေးနိုင်လေ့ရှိသည်။ ဥပမာ - သစ်တော တစ်ခုအတွင်း သားရဲတိရစ္ဆာန် အရေအတွက်နှင့် အပင်စားတိရစ္ဆာန်အရေအတွက်သည် သဘာဝအလျောက် မျှတနေတတ်သည်။ သားရဲများ လျော့နည်းသွားပါက အပင်စားသတ္တဝါများ လွန်ကဲစွာတိုးပွားလာပြီး သစ်တောနှင့် စားကျက်များကို ပျက်စီးစေမည်ဖြစ်သည်။ အလားတူ ဝတ်မှုန်ကူးပေးမည့် အင်းဆက်ပိုးမွှားများ မရှိပါက သီးနှံနှင့် အပင်များမျိုးပွားနိုင်မည် မဟုတ်ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဂေဟစနစ်အတွင်းရှိ သက်ရှိ မျိုးကွဲတစ်မျိုးချင်းစီတိုင်းသည် သဘာဝတရား၏ ဟန်ချက်ကို ထိန်းကျောင်းပေးနေသည့် အရေးကြီး သော “ထိန်းညှိခလုတ်”များဖြစ်ကြကြောင်း ထင်ရှားပါသည်။

ဂေဟစနစ်ကို ထိခိုက်

မျက်မှောက်ခေတ်တွင် လူသားတို့၏ လိုအင်ဆန္ဒလွန်ကဲမှု၊ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲလာမှုတို့သည် ဂေဟစနစ်၏ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ဂေဟစနစ်ပျက်စီးရသည့် အကြောင်းရင်းများမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသည့် အဆုတ်ကြီးများဖြစ်သော သစ်တောများ ပြုန်းတီးခြင်း၊ လေထု၊ ရေထုနှင့် မြေဆီလွှာညစ်ညမ်းပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပပျောက်လာရခြင်း စသည်တို့ကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း (အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးရေကြီးခြင်း)၊ သက်ရှိမျိုးစိတ်များ မျိုးသုဉ်းခြင်း၊ တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးစက် ရောဂါသစ်များ ရောက်ရှိလာနိုင်ခြင်း၊ အပူချိန်နှင့် စိုထိုင်းဆပြောင်းလဲမှုကြောင့် စိုက်ပျိုးသီးနှံများတွင် မှို၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ရောဂါများ ပိုမိုပြင်းထန်စွာကျရောက်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင် ပါသည်။

ဂေဟစနစ် ကျန်းမာရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

စွမ်းအင်နှင့် ရေအရင်းအမြစ် စနစ်တကျ အသုံးပြုခြင်း။ ကာဗွန်အခြေပြု စွမ်းအင်သုံးစွဲခြင်းကို လျှော့ချ၍ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်များကို အသုံးပြုခြင်းနှင့် ရေကို အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲခြင်း၊ 3Rs ကျင့်သုံးခြင်း။ အသုံးလျှော့ခြင်း၊ ပြန်သုံးခြင်းနှင့် အသွင်ပြောင်းသုံးခြင်း။

ညစ်ညမ်းမှု ထိန်းချုပ်ခြင်း - တစ်ခါသုံး ပလတ်စတစ်များကို ရှောင်ကြဉ်ခြင်း၊ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးချခြင်း၊

ပူးပေါင်းဆောင်ရွက်ခြင်း - လူထုကို အသိပညာမျှဝေပြီး ဒေသတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်း။

ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ အသုံးပြုခြင်း

          -        မြေဆီလွှာ - ဓာတုသွင်းအားစုများ (ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အခြား သွင်းအားစုများ)အစား သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာနှင့် အကျိုးပြုအဏုဇီဝ သက်ရှိများ အသုံးပြုခြင်း၊

          -        သီးလှည့်စနစ် ကျင့်သုံးခြင်း - ပိုးမွှား ရောဂါကျရောက်မှု သံသရာကို ဖြတ်တောက်ရန် သီးနှံတစ်မျိုးတည်း မစိုက်ဘဲ အလှည့်ကျစိုက်ပျိုးခြင်း၊

          -        သီးနှံသစ်တောရောနှောစိုက်ပျိုးရေး - သစ်ပင်ကြီးများနှင့် သီးနှံပင်များ ရောနှော စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုက်စားမှုကို ကာကွယ်ခြင်း၊

          -        ဘက်စုံပိုးမွှား နှိမ်နင်းခြင်း - ဓာတု သွင်းအားစုများ အလွန်အကျွံမသုံးဘဲ ဘက်စုံပိုးမွှားကာကွယ်သည့် နည်းလမ်း များအသုံးပြုခြင်း၊

          -        ရေစီမံခန့်ခွဲမှု - ရေကို အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာ အသုံးပြုသည့် နည်းစနစ်များကို ကျင့်သုံးခြင်းနှင့်

          -        မျိုးစေ့ - ဗီဇမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းနှင့် ဒေသမျိုးရင်းများကို ဦးစားပေး အသုံးပြုခြင်း။

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းဇီဝမျိုးစုံမျိုးကွဲ

ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ သက်ရှိများနှင့် ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင်တို့အကြား အပြန်အလှန် သက်ရောက်မှုကြောင့် အမျိုးမျိုးကွဲပြားဖြစ်ပေါ် တည်ရှိနေသည့် သက်ရှိအမျိုးမျိုး (သတ္တဝါအမျိုးမျိုး၊ အပင်အမျိုးမျိုး)တို့ကို ဆိုပါသည်။ ယင်းတို့အနက် အပင်ဗီဇအရင်းအမြစ်များသည် သတ္တဝါများလိုအပ် သည့် အစားအစာ၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း၊ ဓာတုဒြပ်ပေါင်းနှင့် စွမ်းအင်များကို ထုတ်ယူသုံးစွဲနိုင်သဖြင့် သတ္တဝါများအတွက် မရှိမဖြစ်လိုအပ်ရုံမျှမက စားရေရိက္ခာဖူလုံရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်မှုတို့ကို ဖြေရှင်းနိုင်သော အရင်းအမြစ်များဖြစ်ကြသည်။

အပင်ဗီဇအရင်းအမြစ်ဆိုသည်မှာ လွန်ခဲ့သော ထောင်စုနှစ်များစွာကတည်းက သဘာဝတရားကြီးနှင့် လူသားများ၏ ရွေးချယ်မှုများကြောင့် အပင်များအတွင်း ကွဲပြားစွာဖြစ်ပေါ် တည်ရှိနေသည့်အရာ များဖြစ်သည်။ အပင်ဗီဇမျိုးကွဲများမှာ အပင်မျိုးရိုင်းများ၊ မိရိုးဖလာစိုက်ပျိုးခဲ့ကြသည့် သီးနှံမျိုးများ/ဒေသမျိုးများ၊ ခေတ်မီမျိုးသစ်များ၊ သားဆက်မျိုးလိုင်းများ၊ မျိုးပွားနိုင်သည့် အပင်အစိတ်အပိုင်းများနှင့် ဒီအင်န်အေတို့ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် အမျိုးအစားခွဲခြားထားသည့် အပင်မျိုးစိတ်ပေါင်း ၂ ဒသမ ၅ သိန်းကျော်ရှိသည့်အနက် ရှေးယခင်ကတည်းက လူသားများ အသုံးပြုခဲ့သည့် မျိုးစိတ် ပေါင်း ၇၀၀၀ ကျော်ရှိပါသည်။ ယင်းတို့အနက် မျိုးစိတ် ၅၀၀၀ ခန့်ကိုသာ သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်ထားနိုင်သေးသဖြင့် ကျန်ရှိနေသော သီးနှံမျိုးစုံမျိုးကွဲများ၏ ဗီဇအရည်အသွေးကို ရှာဖွေဖော်ထုတ်ရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်လျက်ရှိပါသည်။

လျစ်လျူရှုခံ အပင်မျိုးစိတ်များ

လျစ်လျူရှုခံ အပင်မျိုးစိတ်များဆိုသည်မှာ ဒေသတွင်း ရာသီဥတုနှင့်ကိုက်ညီပြီး ယဉ်ကျေးမှု၊ အာဟာရနှင့် အစားအစာစနစ်တို့တွင် ပါဝင်နေသည့် တန်ဖိုးကြီးမားလှသော အပင်မျိုးစိတ်များကို ဆိုသည်။ လျစ်လျူရှုခံ အပင်မျိုးစိတ်များသည် ယနေ့ထိတိုင် သိပ္ပံနည်းကျ သုတေသန ဆောင်ရွက် ခြင်းများ၊ မျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းများတွင် အသုံးချခြင်းများနှင့် ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချခြင်းများ မရှိသေးဘဲ ချန်လှပ်ခြင်းခံထားရဆဲဖြစ်သည်။

လျစ်လျူရှုခံ အပင်မျိုးစိတ်များအပါအဝင် အပင် ဗီဇမျိုးကွဲများကို ထိန်းသိမ်းသည့် နည်းလမ်းများမှာ (၁) အပင်ဗီဇအရင်းအမြစ်များကို ၎င်းတို့တွေ့ရှိရာ ဒေသ၊ မူရင်းဒေသများတွင် သဘာဝအတိုင်း ထိန်းသိမ်းခြင်း၊ (၂) ပေါက်ရောက်ရာဒေသမဟုတ်သည့် နေရာများတွင် အထူးသီးသန့်အစီအမံများ ဖြင့် ထိန်းသိမ်းခြင်းတို့ဖြစ်သည်။

လျစ်လျူရှုခံအပင်မျိုးစိတ်များ ထိန်းသိမ်းခြင်း၏ တန်ဖိုးများ

ထူးခြားသော ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များကြောင့် လျစ်လျူရှုခံအပင်မျိုးစိတ်များတွင် ၎င်းတို့ ရှင်သန်ပေါက်ရောက်ရာ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေရှိသည့် လက္ခဏာများ ပါရှိပါသည်။ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် ရှားပါးအပင်မျိုးစိတ်များ ကြွယ်ဝစွာရှိသည်။ လျစ်လျူရှုခံနေရသော အပင်မျိုးစိတ်များအပါအဝင် အပင်ဗီဇမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းသည် ပြည်ထောင်စုကြီး၏ သဘာဝအမွေအနှစ်ကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်။

အဆိုပါ အပင်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အိမ်ခြံဝန်းဥယျာဉ်ကဏ္ဍသည် အရေးပါသဖြင့် အိမ်ခြံဝန်းဥယျာဉ်စိုက်ပျိုးသည့် စနစ်များ ထွန်းကားလာရန် ဆောင်ရွက်ပေး၍ ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ပြီး ကမ္ဘာ့ဈေးကွက်ဆီသို့ ရောက်ရှိသည်အထိ ဆောင်ရွက် သင့်ပါသည်။ လျစ်လျူရှုခံ မျိုးစိတ်များသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများနှင့် ဆက်စပ်နေသည့်အတွက် ၎င်းတို့ကို ထိန်းသိမ်းခြင်းသည် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်။

ကောင်းမွန်သည့် ဂေဟစနစ်၏ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ

ကောင်းမွန်သည့် ဂေဟစနစ်အောက်တွင် ဝတ်မှုန်ကူးသတ္တဝါများ ကောင်းစွာရှင်သန်နိုင်သောကြောင့် အပင်များမျိုးသုဉ်းခြင်းကို ကာကွယ်နိုင်၍ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ အပင်များမှ အသီးနှင့်အစေ့များ ထုတ်လုပ်ပေးနိုင်သဖြင့် တောရိုင်းတိရစ္ဆာန်များအတွက် အစာ ကွင်းဆက်ကို ခိုင်မာစေသည်။ ထို့ပြင် အပင်များ ကောင်းစွာ ရှင်သန်ပွားများလာခြင်းသည် လေထု ထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးရာတွင် အထောက် အကူပြုသည့်အပြင် မြေဆီလွှာအနေဖြင့် ကာဗွန်အရင်းအမြစ်များစွာကို ထိန်းသိမ်း သိုလှောင်ပေး ထားနိုင်ရာမှ မြေဆီဩဇာဓာတ်နှင့် မြေသားဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာစေကာ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ဝတ်မှုန်ကူးသတ္တဝါများ

ကမ္ဘာ့စားရေရိက္ခာ ၇၅ ရာခိုင်နှုန်း၏ အထွက်နှုန်းနှင့် အရည်အသွေးသည် ဝတ်မှုန်ကူးပေးသည့်

သတ္တဝါများပေါ်တွင် မူတည်နေသည်။ ဝတ်မှုန်ကူး သတ္တဝါများ၏ အကျိုးကျေးဇူးကြောင့် သီးနှံအထွက်နှုန်း တိုးတက်ခြင်း၊ အပင်မျိုးဆက်တည်တံ့ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းပေးခြင်း စသည်တို့ကို ရရှိစေနိုင်မည်။ အချို့သော ဝတ်မှုန်ကူးသတ္တဝါများ ဖြစ်သည့် ပုစဉ်းပျားများသည် ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ခါစေပြီး Buzz Pollination ဆောင်ရွက်ခြင်းဖြင့် ခရမ်း၊ ခရမ်းချဉ်နှင့် ငရုတ်တို့ကို ဝတ်မှုန်ကူးပေးပါသည်။

ထူးခြားသော ဝတ်မှုန်ကူးနည်းစနစ်များဖြစ်သည့် ညအချိန် ဝတ်မှုန်ကူးခြင်းလုပ်ငန်းများကို လင်းနို့ များက လုပ်ဆောင်ကာ ညဘက်တွင် ပွင့်သောအပင်များကို ဝတ်မှုန်ကူးပေးသည်။ ပျားများ အိပ်စက် နားနေချိန်တွင် လင်းနို့များသည် ကမ္ဘာ့ဂေဟစနစ်အတွက် “ညပိုင်းတာဝန်”ကို လွှဲပြောင်းယူကြသည်။ ဒူးရင်း၊ ငှက်ပျောနှင့် သရက်တို့သည် လင်းနို့များ၏ အကူအညီဖြင့် ဝတ်မှုန်ကူးခြင်းဖြစ်ပါသည်။

ဝတ်မှုန်ကူးသတ္တဝါများအား ကာကွယ်စောင့်ရှောက်ရေး

ဓာတုဆေး အလွန်အကျွံသုံးစွဲခြင်းနှင့် ရာသီ ဥတုပြောင်းလဲမှုတို့ကြောင့် ဝတ်မှုန်ကူးသတ္တဝါများ လျော့နည်းလာပါသည်။ ထိုသို့ လျော့နည်းလာခြင်း ကို ကာကွယ်ရန်အတွက် စိုက်ခင်းဘေး၊ ခြံစည်းရိုး တစ်လျှောက်နှင့် လမ်းဘေးများတွင် ပန်းပင်မျိုးစုံနှင့် သစ်ပင်များ စိုက်ပျိုးပေးခြင်းဖြင့် ၎င်းတို့အတွက် အစာအရင်းအမြစ်နှင့် ခိုနားရာဝန်းကျင်ကောင်း ဖန်တီးပေးခြင်း၊ သီးနှံများကို တစ်မျိုးတည်းမစိုက် ဘဲ သီးနှံမျိုးစုံရောနှောစိုက်ပျိုးခြင်း၊ ဘက်စုံပိုးမွှား ကာကွယ်နည်းကို အသုံးပြုခြင်း၊ ပျားများတွင်တွေ့ရ တတ်သော မွှားရောဂါများကို သဘာဝအော်ဂဲနစ် အက်စစ်များဖြင့် နှိမ်နင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

အချုပ်အားဖြင့် တင်ပြရလျှင် ဂေဟစနစ်၏ အနှစ်သာရကို ကာကွယ်ပြီး ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းရမည်ဖြစ်သည်။ သဘာဝပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေဖြစ်သော “ရေရှည် တည်တံ့မည့် စိုက်ပျိုးရေးစနစ်”ကို ဖော်ဆောင်ခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့် ဝတ်မှုန်ကူးသတ္တဝါများကို ကာကွယ်စောင့်ရှောက်ခြင်း၊ မြေဆီလွှာနှင့် ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့ကို အားပေးဆောင်ရွက်ရပါမည်။ သဘာဝတရားသည် လူသားတို့မရှိဘဲ ရှင်သန်နိုင် သော်လည်း လူသားတို့သည် သဘာဝတရား (ဂေဟစနစ်ဝန်းကျင်ကောင်း) မရှိဘဲ လုံးဝရှင်သန်နိုင်မည် မဟုတ်ပါ။ ဂေဟစနစ်၏ အနှစ်သာရကို လေးစားတန်ဖိုးထားပြီး သဘာဝတရားနှင့် ဟန်ချက်ညီစွာ ပေါင်းစပ်နေထိုင်မှသာလျှင် စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့သော ကမ္ဘာမြေကို အနာဂတ်လူသားတို့ထံ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်ပေမည်။

“သင့်မြေသည် သင့်အမွေအနှစ်ဖြစ်သည်။” “သင့်မျိုးစေ့သည့် သင့်အနာဂတ်ဖြစ်သည်။”