ဇွန် ၁၅
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသီတင်းပတ်အတွင်း တောင်အာဖရိကနိုင်ငံသည် မက္ကဆီကို၌ ၎င်း၏ခရီးသွားလုပ်ငန်းဆိုင်ရာ အထူးဆွဲဆောင်မှုများကို မြှင့်တင်မိတ်ဆက်ပေးလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံကို ခရီးသွားနေရာတစ်ခုအဖြစ် ပြသရန်အတွက် တောင်အာဖရိက ခရီးသွားလုပ်ငန်းဝန်ကြီး ဒီလီးလ်သည် မက္ကဆီကို ခရီးသွားလုပ်ငန်း ဒုတိယဝန်ကြီး၊ မက္ကဆီကိုစီးတီး ခရီးသွားလုပ်ငန်းဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြောင်း ဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ဒီလီးလ်သည် တောင်အာဖရိက၏ ခရီးသွားလုပ်ငန်းဆွဲဆောင်ချက်များကို မြှင့်တင်ရန်နှင့် နိုင်ငံ၏ အီလက်ထရွန်းနစ်ခရီးသွားခွင့်ပြုချက် (ETA) စနစ်၏ အကျိုးကျေးဇူးများကို မီးမောင်းထိုးပြရန်အတွက် မက္ကဆီကန်ထိပ်တန်းခရီးသွားလုပ်ငန်းရှင် ၄၀ ကျော်နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
လူဦးရေ သန်း ၁၃၀ ကျော်ရှိသည့် မက္ကဆီကိုနိုင်ငံတွင် အလယ်အလတ်ဝင်ငွေနှင့် အထက်တန်းဝင်ငွေရှိ ခရီးသွားအုပ်စုများ လျင်မြန်စွာတိုးပွားလာနေသဖြင့် ယင်းနိုင်ငံကို တောင်အာဖရိက၏ ဦးစားပေး ခရီးသွားဈေးကွက်တိုးချဲ့ရေးနိုင်ငံများအနက် တစ်နိုင်ငံအဖြစ် သတ်မှတ်ထားသည်ဟု ထိုဌာန၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း မက္ကဆီကိုမှ တောင်အာဖရိကသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေသည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု ဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


