ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြည်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဇွန် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဝက်တိုး၊ ဥသျှစ်ကုန်း၊ မြောက်မကွေ့၊ ငါးခူအိုင်၊ ဘန့်ပြင်၊ လေးကြီး၊ ထန်းတပင် စသည့်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။

 

ထို့နောက် စနစ်တကျ လယ်ယာစိုက်ပျိုးရေးစုပေါင်းဆောင်ရွက်မည့် ဝက်တိုးကျေးရွာနှင့် ဥသျှစ်ကုန်း ကျေးရွာတို့မှ တောင်သူများအားမျိုးနှင့် သွင်းအားစုများကိုလည်းကောင်း၊ ဝက်တိုးကျေးရွာ အပါအဝင် ကျေးရွာလေးရွာအတွက် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း (Smart Village) ထောက်ပံ့ ရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေများကို ကျေးရွာကော်မတီဝင် များထံလည်းကောင်း ပေးအပ်သည်။

 

ယင်းနောက် ပေါက်ခေါင်း-ကြိုးကြာ ဆက်သွယ်ထားသောလမ်းအား လမ်းတာပေါင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း) သင်တန်းဆင်းကြိုးကြာကျေးရွာ သင်တန်းသား များ၏ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း)ဖြင့် လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ ပြည်ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်အဆင့်ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်