တီဟီရန် ဇွန် ၁၅
အမေရိကန်နှင့် အီရန်အကြား စစ်ပွဲပြီးဆုံးရေး သဘောတူညီချက်ရရှိခဲ့ကြောင်း အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇန် ဂါရီ ဘာဘာဒီက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။
အဆိုပါသဘောတူညီချက်အရ လက်ဘနွန်အပါအဝင် ဒေသအသီးသီးတွင် ဆောင်ရွက်နေသည့် စစ်ဆင်ရေးများကို ရပ်တန့်မည်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးအပြီးသတ်သဘောတူညီချက်ကို ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အီရန်နိုင်ငံ တရားဝင်သတင်းအေဂျင်စီ တက်စ်မင်က ပြောကြားသည်။ သဘောတူညီချက်လက်မှတ်ရေးထိုးပြီးချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နျူကလီးယားအရေးနှင့် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးတို့ကို ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲအောင်မြင်ရေးအတွက် အမေရိကန်က ၎င်းပေးအပ်ထားသည့် ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ကာဇန် ဂါရီ ဘာဘာဒီက ပြောကြား သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက်သည် “ယခုပြီးပြည့်စုံပြီ”ဟု ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ရန်နှင့် အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကို ချက်ချင်းဖယ်ရှားရန် ခွင့်ပြုခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


