ပေကျင်း ဇွန် ၁၅
အီရန်နှင့် အမေရိကန်အကြား ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စအပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျန်းက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။
အဆိုပါ နားလည်မှုစာချွှန်လွှာအရ ဝါရှင်တန်နှင့် တီဟီရန်အကြား စစ်ရေးအရ တိုက်ခိုက်ခြင်းများကို ရပ်ဆိုင်းကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။ နားလည်မှုစာချွန်လွှာ ပထမအဆင့်ကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည် ပြီး ပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့်လည်း စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အဖြေရှာဆောင်ရွက်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း ၎င်းကပြောကြားသည်။
အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတွင် အမြန်ဆုံးငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေရန် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ တက်ကြွစွာပါဝင် ဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို ဇွန် ၁၉ ရက်တွင် ဂျီနီဗာ၌ တရားဝင်လက်မှတ်ရေးထိုးမည် ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


