ဇွန် ၁၆

နိုင်ဂျီးရီးယားနိုင်ငံတွင် မေလနောက်ပိုင်း ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် လူ ၉၀ ကျော်သေဆုံးပြီး လူထောင်ပေါင်းများစွာ ကူးစက်ခံခဲ့ရကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။

အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၇ ရက်အထိ သေဆုံးသူ ၈၅ ဦးနှင့် ကူးစက်ခံရသူ ၈၄၅၇ ဦးရှိကြောင်းနှင့် လူဦးရေမြင့်မားပြီး လူဦးရေထူထပ်သော ရွှေ့ပြောင်းစခန်းများကြောင့် ပြည်နယ်၏မြို့တော်မိုင်ဒူဂူရီတွင် ရောဂါကူးစက်မှု အမြင့်မားဆုံး ဖြစ်ကြောင်း  ပြည်နယ်အစိုးရ၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံအလယ်ပိုင်း ပလက်တူးပြည်နယ်တွင် လူငါးဦးသေဆုံးခဲ့ပြီး အတည်ပြုလူနာ ၁၁ ဦးနှင့် ကူးစက်မှုသံသယရှိသူ ၅၃ ဦးရှိသည်ဟု ကျန်းမာရေးအရာရှိများက ဇွန် ၁၄ ရက်က အတည်ပြုခဲ့သည်။

နှစ်စဉ်မိုးရာသီစတင်လာခြင်းနှင့် ရေပေးဝေရေးဆိုင်ရာအခြေခံအဆောက်အအုံများ ပျက်စီးခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှုသည် ပိုမိုဆိုးရွားလာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

ကာလဝမ်းရောဂါသည် သန့်ရှင်းမှုမရှိသော အစားအစာ သို့မဟုတ် သောက်ရေမှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ပြင်းထန်ဝမ်းလျှောရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ရေကြီးရေလျှံမှုများနှင့် ရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အားနည်းသည့် ပြည်နယ်များတွင်  အရေးပါသော ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို