ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော် ဇွန် ၁၆

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသား များအား ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံအမှာ စကားပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် သံရုံးဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးသည်။

 

ယင်းနောက် သံအမတ်ကြီးက ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) နှင့် စစ်သံရုံး ဝန်ထမ်းများက တာဝန်ထမ်းဆောင်မှုများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူခဲ့ရပြီး နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit)အဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး သံရုံး၊ စစ်သံရုံးများမှ ဝန်ထမ်းများ၊ မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား လိုအပ်သည်များ မှာကြားနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော်နှင့် မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကြကြောင်း၊ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား အကျိုးဖြစ်ထွန်းစေနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရ သစ်၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ ကိုလည်း တရုတ်နိုင်ငံမှ အပြည့်အဝအသိအမှတ်ပြုထောက်ခံလျက်ရှိပြီး ဆွေးနွေးချက်များအရ ယခုခရီးစဉ်သည် အောင်မြင်ပြီး နှစ်နိုင်ငံအကျိုးကို ဖော်ဆောင်ပေးနိုင်သည့် အပြု သဘောဆောင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံတော်၏စာမျက်နှာသစ်ကို စတင်နေပြီဖြစ်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းနောက်ခံ အခြေအနေများကိုလည်း မှန်မှန်ကန်ကန် သိရှိကြရန်နှင့် မိမိတို့၏တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်၏ ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး အမှန်တကယ် အလုပ်လုပ်ကြမည်ဆိုပါက မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

 

အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်၏ ပညာရေးကဏ္ဍကို မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် အလေးထားအားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အချင်းရှိသည့် သင်ကြားရေးဝန်ထမ်းများနှင့် ကလေးငယ်များ ပေါ်ထွက် လာရေး ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိကြောင်း၊ အသိပညာ၊ အတတ်ပညာများ ပြည့်ဝပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကသာလျှင် အနာဂတ်နိုင်ငံတော်ကောင်းကို ပုံဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

 

သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများအနေ ဖြင့် နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန် များကို အတူတကွ လာရောက်ထမ်းဆောင်နေကြ ခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ စောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံ အကျိုးတူစီးပွားရေးလုပ်ငန်း များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်း ဆောင်ရွက် ကြရန်လိုကြောင်း၊ သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ပေါင်းသင်းဆက်ဆံမှု ကောင်းခြင်းသည် လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေ ချောမွေ့စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်း သားများအနေဖြင့်လည်း နိုင်ငံတော်မှ အရင်းအနှီးများစွာဖြင့် ပညာတော်သင်စေလွှတ်ခြင်းဖြစ်သဖြင့် အချိန်နှင့် အရင်းအနှီးများကို အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း။

 

မိမိတို့ဘဝတိုးတက်ရေးအတွက်လည်း လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေလိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပြီး ဉာဏ်ရည်တု AI နည်းပညာသည်လည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာရပ်များကိုလည်း လေ့လာ သွားကြရန်လိုပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် နေ့စဉ်လူမှုဘဝတွင် အကျိုးရှိအောင် အသုံးချသွားကြ ရန်လိုကြောင်း၊ မိမိတို့ရောက်ရှိနေသည့် ပတ်ဝန်းကျင် ကောင်းကို အကျိုးရှိရှိ အသုံးချသွားနိုင်ကြရန်လို ကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်သင့်သည်များကို ဆောင်ရွက်ခြင်း၊ မဖြစ်သင့်သည်များကို မလုပ်ဆောင်ခြင်းတို့ဖြင့် စေတနာထား၍ မိမိတို့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသား၊ သင်တန်းသူများ အတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကိုပေးအပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြ သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် သံရုံး၊ စစ်သံရုံးမိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးကာ သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်