သိင်္ဃသူ

(ယမန်နေ့မှအဆက်)

မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများရှိသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝပိုက်လိုင်းစီမံကိန်း၊ မူဆယ်- မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ် ရေးစီမံကိန်း၊ မန္တလေး - ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းစသည်တို့မှာ ကြီးမားသည့် စီမံကိန်းများ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာတွင် ရှိသည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိ ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိသည်။ မြန်မာက တရုတ်သို့ ဆန်၊ ပဲမျိုးစုံ၊ နှမ်း စသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံ အချောထည်ထုတ်ကုန်များ အဓိကတင်ပို့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး” တို့ ဖြစ်ရာ တရုတ်- မြန်မာ နှစ်နိုင်ငံနှင့် နှစ်ဖက်လုံးမှ ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းနိုင်စေမည့် ရည်ရွယ်ချက်များပင် ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ The Great Hall of the People ၌ ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုသည်။ ဆက်လက်၍ သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဖူကျန့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးကြသည်။

လှိုက်လှဲနွေးထွေးစွာကြိုဆို

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း ပဏာမ စတင်ပြောကြားပြီးနောက် မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် တည်ငြိမ်အေးချမ်းပြီး နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ မိမိတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလား အလာကောင်းများစွာကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုများနှင့် ဧည့်ဝတ်ပြုမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ် (State Visit) ဖြစ်သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ယခုခရီးစဉ်၏ အဓိကရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာကျင့်သုံး လျှောက်လှမ်းလျက်ရှိပြီး မိမိတာဝန်ယူသည့် အချိန်တွင် စာမျက်နှာသစ်ဖွင့်မည်ဟု ပြောခဲ့ကာ နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံး လိုက်ပါနိုင်ရေး ကြိုးစားဆောင်ရွက် နေပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံတော်အကြီးအကဲများ၏ ထိတွေ့ဆက်ဆံရေးသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေပါကြောင်း၊ ယခုအချိန်သည် မိမိတို့ နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွား ဖော်ဆောင်ပေးမည့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားရန် အချိန်အခါကောင်းပင်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းအတည် ပြုလိုပါကြောင်း၊ ထို့အပြင် အဆွေတော် ဦးစီးဖော်ဆောင်နေသည့် ကမ္ဘာလုံး ဆိုင်ရာ အစီအမံများဖြစ်သော GGI၊ GSI၊ GDI နှင့် GCI တို့ကို ထောက်ခံကြောင်းကိုလည်း ပြောကြားလိုကြောင်း၊ တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative - BRI ) ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံအောင်မြင်စွာဖြင့် အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်ရေးကို မဖြစ်မနေဆောင်ရွက် သွားရန်လိုပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်း ရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အလေးထားတိုက်ဖျက်ဆောင်ရွက် လျက်ရှိပြီး နှစ်နိုင်ငံနယ်စပ်များကို အခြေပြုနေသည့် တရားမဝင်လုပ်ငန်းများကို အမြစ်ပြတ်သည်အထိ ဆက်လက်တားဆီးနှိမ်နင်းသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရာတွင် နယ်စပ်ဂိတ်များသည် အထူးအရေးကြီးပြီး နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြန်လည်ဆွေးနွေး ရာတွင် ပြောကြားသွားခဲ့သည်။

နှစ်နိုင်ငံယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ပြန်လည်ဆွေးနွေးရာတွင် မိမိတို့သည် မဟာဗျူဟာမြောက် ယုံကြည်မှုကို ခိုင်မာမှုရှိစေရမည်ဖြစ်ပြီး ရှုပ်ထွေးလှသည့် ကမ္ဘာ့နိုင်ငံရေး အခင်း အကျင်းများအကြား နှစ်နိုင်ငံယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့သည် နယ်နိမိတ်ချင်း ထိစပ်မှု အရှည်လျားဆုံး နိုင်ငံဖြစ်ပြီး အယုံကြည်ရဆုံး မိတ်ဆွေနိုင်ငံ၊ အားအကိုးရဆုံး လက်တွဲဖက် မိတ်ဖက်နိုင်ငံများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံနိုင်ငံများအကြား ဖြစ်တည်မှု၊ ရပ်တည်မှုအပေါ်တွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံရပ်တည်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂမျက်နှာစာတွင်လည်း မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည် ထောက်ခံသွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် နှစ်နိုင်ငံအကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို လည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားလိုကြောင်း၊ နယ်စပ်ဒေသကုန်သွယ် ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေး၊ သန့်ရှင်းသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ အရည်အသွေးမြင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တင်သွင်းနိုင်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် သွားလိုကြောင်း၊ မြန်မာနိုင်ငံအတွင်း ဂေဟစနစ်ထိန်းသိမ်းရေးအတွက်လည်း လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲဆောင်ရွက်နေမှုအပေါ်တွင်လည်း ထောက်ခံကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပိုင်နက်နယ်မြေကိုအသုံးပြု၍ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုများကို လုံးဝခွင့်ပြုသွားမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများအကြား စိတ်နှလုံးသားများ နီးစပ်ရမည်ဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်းကို ဆက်လက်ဖော်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးကြီးသည့် အဖွဲ့ဝင်ဖြစ်သည်ကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ လိုအပ်သည်မှန်သမျှကို ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းတို့ကို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ဆွေးနွေးရာတွင် တရုတ်နိုင်ငံ သမ္မတကြီး ဆွေးနွေးပြောကြားခဲ့သည့် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ယုံကြည်မှု ခိုင်မာစေရေး၊ အကျိုးစီးပွားပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေး၊ လုံခြုံရေးအရ ခိုင်မာမှုနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေး၊ ပြည်သူများအကြား စိတ်နှလုံး နီးစပ်စေရေး စသည့်အချက်များကိုလည်း မိမိအနေဖြင့် အလေးထားထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အသုံးပြု၍ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်များ ဖြစ်ပေါ်မှုမရှိစေရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅) ကြိမ်မြောက် ကြွချီပြီး မြန်မာပြည်သူများ ဖူးမြော်ကြည်ညိုခွင့်ရရှိရန် ဆွေးနွေး ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် လဲလှယ်

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်လဲလှယ်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်သည်။ ယင်းအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative - GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အစိုးရများအကြား ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (Global Civilization Initiative - GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative- GDI ) အကောင်အထည်ဖော် ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ အပါအဝင် နှစ်နိုင်ငံအကြား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်မှုမြှင့်တင် ရေးကဏ္ဍ၊ သတင်းမီဒီယာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍ၊ နည်းပညာနှင့် အသိပညာဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတို့၌ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက သမ္မတနှစ်ဦး၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

မြန်မာနိုင်ငံက ထောက်ခံခဲ့သည့် တရုတ်နိုင်ငံက ဦးစီးဖော်ဆောင်နေသော ကမ္ဘာလုံးဆိုင်ရာ အစီအမံများဖြစ်သည့် GGI ၊ GSI ၊ GDI နှင့် GCI ဆိုသည်မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်က ဦးဆောင်၍ ချမှတ်ထားသည့် မဟာဗျူဟာများဖြစ်သည်။ ၎င်းမဟာဗျူဟာများသည် ပြောင်းလဲ လာသည့် ကမ္ဘာ့အခင်းအကျင်းသစ်တွင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ အိုင်ဒီယာဟောင်းများ နေရာတွင် အစားထိုးလာမည့် အိုင်ဒီယာအသစ်များဟု ဆိုရမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်းအစီအမံများကို တရားဝင်ထုတ်ပြန်ကာ နိုင်ငံတကာ အသိုက်အဝန်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ မိမိတို့နိုင်ငံကဲ့သို့ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (Global Development Initiative-GDI ) သည် ၂၀၂၁ ခုနှစ်တွင် စတင်အဆိုပြုခဲ့သော အစီအမံဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအကျိုး စီးပွားနှင့် ကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ (Global South) ၏ ရှင်သန်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူကို ဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရန်တို့ကို ဦးတည်ထားသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စားနပ် ရိက္ခာဖူလုံရေး၊ ကာကွယ်ဆေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေး၊ စိမ်းလန်းစိုပြည်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဂျစ်တယ် စီးပွားရေးကဏ္ဍများကို ဦးစားပေးထားသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative - GSI) သည် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကမ္ဘာ့လုံခြုံရေးဆိုင်ရာ စနစ်ကို အစားထိုးရန်နှင့် အနောက်နိုင်ငံများ၏ မဟာမိတ်အုပ်စုဖွဲ့မှုကို တန်ပြန်ရန် ရည်ရွယ်သည်။ GSI ၏ အခြေခံမူမှာ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ် တည်တံ့ခိုင်မြဲရေးကို လေးစားရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်ကို ဗဟိုပြုရန်ဖြစ်ပြီး အငြင်းပွားမှုများကို စစ်မက်ဖြစ်ပွားခြင်းထက် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန်ဖြစ်သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဉာဏ်ရည်တု (AI) နှင့် ရာသီဥတုပြောင်းလဲမှုစသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီ အမံ (Global Civilization Initiative- GCI) ကို ၂၀၂၃ ခုနှစ်တွင် အဆိုပြုခဲ့ပြီး ကမ္ဘာပေါ်ရှိ မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် နိုင်ငံရေးစနစ်များကို အပြန် အလှန် အသိအမှတ်ပြုလေးစားကြရန် တောင်းဆိုသည့် အစီအမံဖြစ်သည်။

 

ကမ္ဘာ့ယဉ်ကျေးမှုများ၏ မတူကွဲပြားမှုကို လေးစားရန်နှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းများကို အနောက်နိုင်ငံများ၏ အမြင်တစ်ခုတည်းဖြင့် သတ်မှတ်ခြင်းကို ကန့်ကွက်ပြီး နိုင်ငံအချင်းချင်း ပြည်သူအခြေပြု ကဏ္ဍစုံဖလှယ်မှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (Global Governance Initiative-GGI) သည် တရုတ်နိုင်ငံက ထပ်မံအဆိုပြုထားသည့် အစီအမံဖြစ်ပြီး ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာ့စီမံခန့်ခွဲမှုစနစ် (Global Governance System) ပေါ်ပေါက်လာစေရန် ရည်ရွယ်ထားသည်။ ကမ္ဘာ့ရေးရာများတွင် အင်အား ကြီးနိုင်ငံအနည်းငယ်ကသာ ခြယ်လှယ်နေမှုကို ဆန့်ကျင်ပြီး စစ်မှန်သော နိုင်ငံစုံဝါဒ (Multilateralism) ကို ကျင့်သုံးရန်နှင့် ကုလသမဂ္ဂ၏ အခွင့်အာဏာကိုမြှင့်တင်ပြီး ကမ္ဘာ့စိန်ခေါ်မှု များကို စုပေါင်းအင်အားဖြင့် ဖြေရှင်းရန်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဤကမ္ဘာလုံးဆိုင်ရာ အစီအမံ (Global Initiative) များတွင် GDI က စီးပွားရေးနှင့် ရုပ်ဝတ္ထု အခြေခံကို တည်ဆောက်ပေးပြီး GSI က ငြိမ်းချမ်းပြီး တည်ငြိမ်သော ပတ်ဝန်းကျင်ကို အာမခံသည်။ GCI က တန်ဖိုးထားမှုဆိုင်ရာ ဘုံသဘောတူညီချက်ကို တည်ဆောက်ပြီး GGI က စနစ်နှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ အာမခံချက်များကို ပေးစွမ်းခြင်းဖြစ်သည်။ အဆိုပါအစီအမံများက လက်ရှိ ကမ္ဘာ့အစီအစဉ်ဖြစ်သော Rules- based International Order နေရာတွင် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအနာဂတ် အသိုက်အဝန်းကို တည်ဆောက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်။)