ရန်ကုန် ဇွန် ၁၈
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါ အထူးကုဌာန ခြင်ဆီအစားထိုးဌာန(Bone marrow Transplant Center)သို့ ၂၀၂၆ ခုနှစ် မေလက ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီ ကင်ဆာ လူနာများဖြစ်သည့် သာပေါင်းမြို့နယ်မှ ၃၈ နှစ် အရွယ် အမျိုးသမီး၊ လှိုင်မြို့နယ်မှ ၅၇ နှစ်အရွယ် အမျိုးသမီး၊ ကျောက်ဆည်မြို့နယ် မှ ၄၇ နှစ်အရွယ် အမျိုးသားနှင့် ရွှေဘိုမြို့နယ် မှ ၅၃ နှစ်အရွယ် အမျိုးသား စုစုပေါင်း ခြင်ဆီ ကင်ဆာလူနာ လေးဦးအား ခြင်ဆီအစားထိုး ကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး လူနာများအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဇွန် ၁၂ ရက်တွင် ဆေးရုံဆင်းခွင့် ရရှိပြီးဖြစ်သည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီ အစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၀ ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်ထိ ရှစ်ဦး စုစုပေါင်း ၃၃ ဦးကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးအတွက် ကုန်ကျစရိတ်သက်သာစေရေး ပြည်တွင်း၌ပင် ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


