ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်သည့် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်ဖွင့်လှစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေးပြောကြား

 

နေပြည်တော် ဇွန် ၁၈

၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အကောင်းမွန်ဆုံးတိုးတက်မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်း များကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ လင်းကန်အထူးဧရိယာရှိ Radisson Collection Lingang Shanghai ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆွေးနွေး ပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ရောက်ရှိလာရာ ဟိုတယ် မှတာဝန်ရှိသူများက ပန်းစည်းကမ်း၍လည်းကောင်း၊ တရုတ်ရိုးရာ ခြင်္သေ့၊ နဂါး ရိုးရာအကများဖြင့်လည်း ကောင်း၊ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် မှုမြှင့်တင်ရေးအသင်း(MCITP)မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်ကြီးများ၊ မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များက ကော်ဇောနီ၏ တစ်ဖက်တစ်ချက် စီမှ နှစ်နိုင်ငံ အလံများကိုဝှေ့ယမ်း၍ လှိုက်လှဲနွေးထွေး စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဒီဂျစ်တယ်စက်ခလုတ်နှိပ်၍ဖွင့်လှစ်

ထို့နောက် အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်သမ္မတသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ကို ဒီဂျစ်တယ် စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာ- တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး အသင်း(MCITP)မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်းများမှ ခေါင်း ဆောင်များနှင့် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်ကြီး များ၊ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် “Myanmar- China Investment and Trade Networking Summit” (MCITP – 2026) Shanghai အတွင်း မြန်မာ-တရုတ်ကုမ္ပဏီများမှ ကဏ္ဍစုံလင်စွာခင်းကျင်း ပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် များနှင့် တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) မှ တာဝန် ရှိသူများနှင့် အဖွဲ့ဝင်များ၊ မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း လူဦးရေ ၆၀၀ ခန့် တက် ရောက်ကြသည်။

 

အဆိုပါ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)မှ ကြီးမှူး ကျင်းပပြုလုပ်သည့် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai တွင် မြန်မာ-တရုတ် ကုမ္ပဏီများမှ ပြခန်းပေါင်း ၃၅ ခန်းကို ကဏ္ဍစုံလင်စွာဖြင့် ခင်းကျင်းပြသထားရှိပြီး ယခုကဲ့သို့ နှစ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများအား ပြသနိုင်ခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသစ်များ တိုးချဲ့ပူးပေါင်းဆောင်ရွက် မှုလမ်းကြောင်းများကို ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်သည်။

 

တွေ့ဆုံအမှာစကားပြောကြား

ထို့နောက် နိုင်ငံတော်သမ္မတသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai သို့ တက်ရောက်လာကြသည့် မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များအား Dishui Lake Ballroom ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 

ထိုသို့အမှာစကားပြောကြားရာတွင် ၁၉၅၀ ပြည့် နှစ် ဇွန်လ ၈ ရက်တွင် စတင်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် (၇၅) နှစ်မြောက် စိန်ရတုမှတ်တိုင်ကိုပင် ကျော်လွန်ကာ ယခုဇွန်လ တွင် (၇၆)နှစ် ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် အစဉ်ချစ်ကြည်ရင်းနှီးသည့် အပြန်အလှန်အမှီပြုနေသည့် အိမ်နီးချင်းကောင်းများ ဖြစ်ပါကြောင်း၊ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် အရေးပါသည့် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများလည်း ဖြစ်ကြပါ ကြောင်း၊ ထိုကဲ့သို့ နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု၊ လေးစားယုံကြည်မှုတို့သည် မိမိတို့ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခရီးလမ်းအတွက် ခိုင်မာလှသည့် အခြေခံအုတ်မြစ် ကြီးတစ်ခု ဖြစ်ပါကြောင်း။

 

အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီး

မိမိတို့မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အစိုးရသစ်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမကြီး (Belt and Road Initiatives - BRI) စီမံကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC)တွင် မဟာဗျူဟာမြောက်ဝင်ပေါက် (Strategic Gateway) ၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီး ပေးနိုင်မည့် နေရာတစ်ခု ဖြစ်ပါကြောင်း။

 

ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ “Belt and Road Initiatives” စီမံကိန်း၊ မြန်မာ-တရုတ် စီးပွား ရေးစင်္ကြံစီမံကိန်းများ၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)တို့မှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများကို အကျိုးပြုစေမည့်ရလဒ်များ ဖြစ်ပေါ်စေရေး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက် မှုကို အရှိန်အဟုန်မြှင့်တင်ရန် လာရောက်ခြင်းဖြစ်ကြောင်း။

 

ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာ လည်းဖြစ်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး၊ ကုန်သွယ်မှုနှင့် နည်းပညာကဏ္ဍများတွင် ထိပ်တန်းမှ ရပ်တည်နေသည့်အပြင် ရှန်ဟိုင်းစတော့ အိတ်ချိန်းနှင့် ရှန်ဟိုင်းဆိပ်ကမ်း၊ အဆင့်မြင့်လေဆိပ်၊ မီးရထားလမ်းကွန်ရက်များ ပိုင်ဆိုင်ထားသည့် ရှန်ဟိုင်းမြို့မှ လုပ်ငန်းရှင်များနှင့် မိမိတို့မြန်မာနိုင်ငံမှ လုပ်ငန်း ရှင်များ အတူတကွပူးပေါင်းဆောင်ရွက် နိုင်မည့်အခွင့် အလမ်းများ ရှာဖွေဖော်ထုတ်နိုင်ရန်လည်းဖြစ်ပါ ကြောင်း၊ ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံ၏ဈေးကွက် လိုအပ်ချက်အရ မြန်မာနိုင်ငံမှ အရည်အသွေးမြင့် ကုန်စည်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံ တို့ကို ပိုမိုတင်ပို့နိုင်မည့် ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုပွင့်လန်းလာစေရန်နှင့် ဒီဂျစ်တယ်စီးပွားရေး (Digital Economy)၊ အီလက်ထရွန်နစ် ကုန်သွယ်မှု (E-commerce) နှင့် ဆန်းသစ်တီထွင်မှု (Innovation) အပိုင်းများတွင် ရှန်ဟိုင်း၏ အဆင့်မြင့်နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး မြန်မာ့နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများ ဖော်ထုတ်နိုင်ရေး အတွက်လည်း ရည်ရွယ်ပါကြောင်း။

 

လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်

မြန်မာနိုင်ငံသည် သဘာဝတည်နေရာအရ ကမ္ဘာ့ လူဦးရေအများဆုံး အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ လူဦးရေ များပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကြီးမား သည့် ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့် အာဆီယံဒေသတွင်း၏ အချက်အချာကျသည့် နေရာ တွင်ရှိနေပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်း ကောင်းစွာဆောင်ရွက်နိုင်သည့် တော၊ တောင်၊ ရေ၊ မြေ၊ ရာသီဥတုရှိပြီး အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေး အခြေခံကောင်း များကိုအသုံးချပြီး စိုက်ပျိုးရေးအခြေခံစက်မှုနိုင်ငံ ဖြစ်စေရေး မူဝါဒချမှတ်ဆောင်ရွက်နေပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံစိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်း ခန့်သာစိုက်ပျိုးနိုင်လျက်ရှိပြီး အထွက်နှုန်း မြင့်မားရန် လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာမြင့်မားပြီး ဈေးကွက်အရွယ်အစားကြီးမားပါကြောင်း၊ တရုတ် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိနိုင်ငံ၏ ဈေးကွက်၊ စားသုံးသူလိုအပ်ချက်၊ သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်များကို ပိုမိုသိရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ဖက်စပ် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အကျိုးရှိစေမည့် Value Chain ကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို ပြည်ပကတင်သွင်းလျက်ရှိပါကြောင်း၊ အလားတူ နိုင်ငံတကာ အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများရှိလာစေရေး ပြည်တွင်း၌ လိုအပ်ချက်ရှိနေပါကြောင်း၊ တရုတ်နိုင်ငံသည် ဆေးပစ္စည်းကိရိယာထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး အဆင့်မြင့် ကျန်းမာရေးဝန်ဆောင်မှုများ ထွန်းကားပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံရန် အခွင့်အလမ်းများစွာ ရှိပါကြောင်း။

 

စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိ

တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း နှစ်မျိုး စလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်–တရုတ်–အိန္ဒိယ–မြန်မာ(BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်း အောက်တွင် နှစ်နိုင်ငံ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor – CMEC)ကို တည် ထောင်ဆောင်ရွက်လျက်ရှိပြီး CMEC ၏ အဓိကကျ သည့် အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွား ရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါ စီးပွားရေးစင်္ကြံများ တစ်လျှောက် အထူးစီးပွားရေးဇုန်များ (SEZs)၊ စက်မှုဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ (Logistics Hubs)များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့် အလမ်းကောင်းများရှိနေပါကြောင်း၊ ထို့ပြင် ပြီးခဲ့ သည့် မန္တလေးငလျင်ကြီး၏ သက်ရောက်မှုခံခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဖြည့်ဆည်း ထူထောင်ရာတွင်လည်း ဖက်စပ်ရင်းနှီးမြှုပ်နှံမှုပုံစံ များနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာများလည်း ရှိပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ရေနံနှင့် ဓာတ်ငွေ့ထွက်ရှိသည့်နိုင်ငံဖြစ်သော်လည်း ရေနံသန့်စင်ထုတ်လုပ် သည့် အဆင့်မြင့်နည်းပညာလိုအပ်ချက်ရှိပြီး လောင်စာဆီနှင့် ရေနံထွက်ပစ္စည်းများကို ပြည်ပမှ အမြောက် အမြားတင်သွင်းလျက်ရှိပါကြောင်း၊ ထို့ကြောင့် ရေနံသန့်စင်ထုတ်လုပ်ခြင်းနှင့် ရေနံထွက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုကြောင်း၊ တရုတ်နိုင်ငံသည် စွမ်းအင်သစ် ထုတ်လုပ်မှုတွင် အောင်မြင်သည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်ပြီး မိမိတို့ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ် စွမ်းအားမူဝါဒ၊ လျှပ်စစ်မော်တော်ယာဉ် ဖွံ့ဖြိုးရေး မူဝါဒများကိုချမှတ်ကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖော်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိနေပါကြောင်း။

 

အကောက်ခွန်နှုန်းများ လျှော့ချပေးထား

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်များ(EV) တိုးတက်အသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကိုဖွဲ့စည်းခဲ့ပြီး လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ(EV Policy)ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ဘက်ထရီလျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် EV Charger ၊ Spare Parts နှင့် Battery တို့ကို ရာခိုင်နှုန်းအချိုးအလိုက် အကောက်ခွန်နှုန်းများ လျှော့ချပေးထားပါကြောင်း၊ လျှပ်စစ်သုံး အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ (Electric Public Transportation Services)၊ လျှပ်စစ်တက္ကစီနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ (Electric Taxi & Cargo Logistics Services) နှင့်သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း မြှင့်တင်ဆောင်ရွက်လိုပါကြောင်း၊ ထို့ကြောင့် လျှပ်စစ် သုံးယာဉ်ကဏ္ဍတွင် ထိပ်တန်းရောက်နေပြီဖြစ်သည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို အားပေးလျက်ရှိပြီး နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေစွမ်းအင် အသုံးပြုသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း များ၌လည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ အဆိုပါလျှပ်စစ်မော်တော် ယာဉ်ထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများသည် မြန်မာနိုင်ငံ၏ ဦးစားပေးကဏ္ဍများဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် များကိုလည်း ခံစားရရှိနိုင်မည်ဖြစ်ကြောင်း။

 

ဦးစားပေးအဖြစ် သတ်မှတ်ဖိတ်ခေါ်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများကို အလေးထား ဖိတ်ခေါ် လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေး အဖြစ် သတ်မှတ်ဖိတ်ခေါ်လျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံ၏လက်ရှိ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်ထုတ်လုပ် ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ် ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများထုတ်လုပ်ခြင်း စသည့် လုပ်ငန်းများကိုလည်း အားပေးဖိတ်ခေါ်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်တွင်းထွက်ကုန်များကို အခြေခံသည့် အဆင့်မြင့်ရော်ဘာထုတ်လုပ်ခြင်း၊ ရော်ဘာအခြေခံ တာယာနှင့် ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးအတွက် စီးပွား ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အလေးထား ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည် ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ်(Digital Transformation) သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာ မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင် လျက်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း တောင်ပေါ် ဒေသတွင် မြေဧရိယာ ဧက ၁၀၀၀၀ ခန့် ကျယ်ဝန်း သည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထို့ကြောင့် e-commerce နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုအားကောင်းပြီးဖြစ်သည့် တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများပင် ဖြစ်ပါကြောင်း။

 

ပိုမိုနီးကပ်စွာ ဆောင်ရွက်ကြရမည်

ထို့ကြောင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် ရန်အတွက် အခွင့်အလမ်းများစွာရှိနေပြီး အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် မဟာဗျူဟာမြောက် ဆက်ဆံရေးတို့အရ နှစ်နိုင်ငံကုန်သွယ်မှုသာမက ရင်းနှီးမြှုပ်နှံမှုမှာ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်း များအနေဖြင့် လက်ရှိအခြေအနေထက်များစွာ တိုးတက်ရန် ရှိနေကြောင်း၊ အဆိုပါအလားအလာများကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက် မှုနှင့် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးကို ပိုမိုနီးကပ်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

စီးပွားရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ချိတ်ဆက်လုပ်ကိုင်နိုင်ရေးသည် လုပ်ငန်းရှင်များ အတွက် အရေးကြီးသည်ကို ကောင်းစွာသိရှိပါကြောင်း၊ ထို့ကြောင့် ဆက်လက်ပြီး မိမိတို့၏ မိတ်ဖက် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေး ဆောင်ရွက်ချက်အချို့ကို မျှဝေလိုပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပင်လယ်ရေကြောင်းကုန်သွယ်မှုသာမက နယ်စပ်ကုန်သွယ်ရေး စခန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကိုလည်း အလေးထား ဆောင်ရွက်နေပါ ကြောင်း၊ နှစ်နိုင်ငံ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံအကြား SPS Protocol များ လက်မှတ်ရေးထိုးနိုင်ရေး အပြန်အလှန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အတူ တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး အတွက် ၂၀၂၁ ခုနှစ်တွင် ယွမ်ငွေကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာ များတွင် တရားဝင်ရောင်းဝယ်ခွင့်ပြုခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသတွင် မြန်မာကျပ်ငွေနှင့် တရုတ် ယွမ်ငွေကို တရားဝင်တိုက်ရိုက် အသုံးပြုပေးချေခွင့် ပြုခဲ့ပါကြောင်း၊ ယင်းစနစ်သည် နှစ်နိုင်ငံငွေကြေး ဖြစ်သည့် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုဖြစ်သည့်အတွက် စရိတ်စကသက်သာစွာဖြင့် ဆောင်ရွက် နိုင်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသာမက နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

 

အလားတူ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေ ရေးအတွက် မိမိတို့အနေဖြင့် အစဉ်တစိုက် ကြိုးပမ်း လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်မှစပြီး မိမိတို့ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာဖြင့်သာမက ယွမ်ငွေကြေးဖြင့်လည်း စတင်လက်ခံဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေနိုင်မည်ဖြစ်ကြောင်းကို အသိပေးလိုပါကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများ ကို အကာအကွယ်ပေးနိုင်ရေးအတွက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့သည် ၂၀၂၄ ခုနှစ်မှာ အပြည့်အဝ အသက်ဝင်လည်ပတ်နေပြီဖြစ်သည့်အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုထားပါကြောင်း။

 

ထို့ကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံတန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးပစ္စည်းကိရိယာထုတ်လုပ်မှု၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှု၊ ရေနံနှင့် ရေနံ ထွက်ပစ္စည်းထုတ်လုပ်မှု၊ e-commerce နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများမှာ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံဆောင်ရွက်ရန် အထူးဖိတ်ခေါ်လိုကြောင်း၊ မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာ တွင် ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေး ဟန်ချက်ညီမှုကိုလည်း အလေးထားဆောင်ရွက် လျက်ရှိပြီး တာဝန်ယူမှုရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှု (Responsible Investment) လုပ်ငန်းများကို ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကာအကွယ်ပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ အဆင်ပြေချောမွေ့စေရေးကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိုလည်း အလေး ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်သို့ ဆက်သွယ်ချိတ်ဆက်ပေးထားသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်ပါ ကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ထွန်းလာနိုင်သည့် အနာဂတ်အလားအလာများကို ဆွေးနွေးခွင့် ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ဈေးကွက်၊ အဆင့်မြင့်နည်းပညာများနှင့် မြန်မာနိုင်ငံ၏ တည်နေရာအချက်အချာ၊ သဘာဝသယံဇာတအရင်းအမြစ်၊ လူစွမ်းအားအရင်းအမြစ် တို့ကို အထိရောက်ဆုံး ပေါင်းစပ်နိုင်မည့် ကဏ္ဍများ ကိုရွေးချယ်ကာ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုမှတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးအတွက် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် လိုပါကြောင်း၊ မိမိတို့နိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ ပြန်လည်တင်ပို့ ရောင်းချနိုင်သည့် ဈေးကွက်လည်းရှိပြီး ကျောက်ဖြူ ရေနက်စီမံကိန်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ပါကြောင်း၊ နှစ်နိုင်ငံကြား သာတူညီမျှ ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစား ကြမည့်အခြေအနေကို ဖော်ဆောင်သွားရမည်ဖြစ်ပါ ကြောင်း၊ သမိုင်းစာမျက်နှာသစ်ကို အတူတကွ ဖွင့်လှစ်နိုင်ပြီး နှစ်နိုင်ငံပြည်သူများအတွက်လည်း ဖွံ့ဖြိုးဝေစည်သည့်အနာဂတ်ကို အစဉ်လက်တွဲ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ လျော့ပါးစေရေးနှင့် ငလျင်ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ ရေအားလျှပ်စစ်နှင့် ရေနက် ဆိပ်ကမ်းများ တည်ဆောက်ရေးကဏ္ဍ၊ လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် မူဝါဒပိုင်းဆိုင်ရာအရ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးတင်ပြကြသည်။

 

ထိုကဲ့သို့ မေးမြန်းတင်ပြလာမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်နှင့် ဒေါက်တာချာလီသန်းတို့က လုပ်ငန်းပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောကြားကြပြီး နိုင်ငံတော်သမ္မတက ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် လုပ်ငန်းဆက်လက် အကောင်အထည်ဖော်ရန် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေရသည့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေ နိုင်မည့် စီမံကိန်းကြီး များအား အမြန်ဆုံးပြန်လည်စတင်နိုင်ရေး အဆိုပါ ဒေသများ၌ လုံခြုံရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အာကာသ နည်းပညာပိုင်းဆိုင်ရာများတွင် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့်ဆန္ဒရှိပြီး ပူးပေါင်းမှုများ ဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်မှုအား ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့် ကဏ္ဍပေါင်းစုံ၌ နည်းပညာပိုင်းဆိုင်ရာများတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်ကို တွေ့မြင်ရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက် ဆောင်ရွက်ကြမည်ဆိုပါကလည်း နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံ သားများနှင့် ဈေးကွက်ခိုင်မာမှုတို့ကို ပိုမိုဖြစ်ပေါ် စေနိုင်မည်ဟု အကြံပြုလိုကြောင်းနှင့် အခြားသိရှိရန် လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြောကြား သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် နိုင်ငံတော် သမ္မတသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai သို့ တက်ရောက်လာကြသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြရာ နေ့လယ်စာသုံးဆောင်နေစဉ် အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့စီးပွားရေးနှင့် ဆက်နွှယ်သော တေးသရုပ်ဖော်အကအလှ ဖျော်ဖြေမှု များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai အခမ်းအနားမှ ပြန်လည်ထွက်ခွာရာ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များက နွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်