၂၇ မတ်
သတင်းဆောင်းပါး - မောင်သောင်းဝင်း(တမန်ဟောင်း)
မြန်မာနိုင်ငံသည် ခိုင်မာသောသမိုင်းကြောင်းများ ရှိခဲ့သည်ကို လူတူပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများက သက်သေပြလျက်ရှိသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ခမ်းနားထည်ဝါစွာ နေနိုင်ခဲ့သည်ကိုလည်း ဘုရင့်နောင်၊ အနော်ရထာနှင့် အလောင်းမင်းတရားကြီးတို့ ခေတ်ကာလတွင် မော်ကွန်းတင်ခဲ့သော ခိုင်မာသည့် သမိုင်းအထောက်အထားများ ရှိနေပေသည်။ ထိုခေတ်များက မြန်မာဆိုလျှင် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများကပါ အထင်ကြီးလေးစားတန်ဖိုးထားခဲ့ရသည်။ သို့သော် ကုန်းဘောင်ခေတ်နှောင်းပိုင်း နန်းတွင်း အရှုပ်တော်ပုံများကြောင့် ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရခိုင်ဒေသနှင့် တနင်္သာရီဒေသတို့သည် သူ့ကျွန် ဘဝစတင်ကျရောက်ခဲ့ရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေး ပြန်လည် ရရှိသည့် အချိန်အထိ သူ့ကျွန်ဘဝအောက်တွင် နှစ်ပေါင်း ၁၂၄ နှစ်ခန့် နေခဲ့ရသည်။ ထိုကာလများသည် ပြည်သူများအတွက် ခါးသီးသော နေရက်များပင် ဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ
ဆုံးရှုံးသွားသော လွတ်လပ်ရေးကို အသက်သွေးချွေးပေါင်း မြောက်မြားစွာ ပေးဆပ်ပြီးမှသာ ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့်မျိုးချစ်စိတ်ဓာတ်ရှိသော တပ်မတော်သားများ၏ အသက်ပေါင်းများစွာကို စတေးခဲ့ရသည်။ အမှန်စင်စစ်မှာမူ မျက်မှောက်ခေတ် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုသို့ဖွဲ့စည်းနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်သည် ဆင်းရဲပင်ပန်းမှုဒဏ်ကို များစွာခံစားခဲ့ကြရသည်။
ထိုစဉ်က တပ်မတော်၏ဖခင်ဖြစ်သည့်အပြင် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာလည်းဖြစ်သော အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်လွတ်လပ်ရေးအတွက် နယ်ချဲ့ကို တွန်းလှန်တိုက်ထုတ်ရာတွင် စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများရရှိမှသာ ဆောင်ရွက်နိုင်မည်ဆိုသည်ကို သိရှိသဘောပေါက်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံခြားအကူအညီရရှိရေးအတွက် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့ရသည်။ ထို့နောက် ရဲဘော်သုံးကျိပ်နှင့်အတူဟိုင်နန်ကျွန်းတွင် စစ်ပညာကို ဆင်းရဲပင်ပန်းကြမ်းတမ်းစွာ သင်ယူခဲ့ရသည်။
တပ်မတော်စတင်ဖွဲ့စည်း
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့ လွတ်လပ်ရေးတပ်မတော် (Burma Independence Army-BIA) တွင် ပါဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင်များသည် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်နှင့်ခန္ဓာကို အပ်နှင်းသွားမည်ဆိုသော သစ္စာအဓိဋ္ဌာန်ဖြင့် လက်မောင်း သွေးဖောက်သောက်ခဲ့ကြသည်။ တပ်မတော်သားများသည် ထိုစဉ်ကတည်းကပင် စွန့်လွှတ်အနစ်နာခံမည့် စေတနာသက်သက်ဖြင့်သာ ရပ်တည်ခဲ့သည်ကို သမိုင်းအထောက်အထားများက သက်သေပြလျက်ရှိ ပေသည်။ ထိုတပ်မတော်သည် လက်ရှိပြည်ထောင်စုတပ်မတော်၏ မူလသန္ဓေပင် ဖြစ်သည်။ ထိုအချိန်က ဘီအိုင်အေ အင်အားသည် ၂၀ဝ ကျော်ခန့်သာရှိသော်လည်း မြန်မာနိုင်ငံအတွင်း ချီတက်ရာလမ်းကြောင်း တစ်လျှောက် နေ့ချင်း၊ ညချင်း တစ်ဟုန်ထိုးအင်အားကြီးထွားလာခဲ့သည်။
ဘီအိုင်အေသည် နယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်စဉ် မျိုးချစ်စိတ်ဓာတ်ရှိသည့် လူငယ် လူရွယ်များသည် လစာ၊ စရိတ်၊ အဆောင်အယောင်၊ ရိက္ခာမည်သည့်အခွင့်အရေးမျှ ရစရာ၊ မျှော်လင့်စရာ မရှိမှန်းသိလျက်နှင့်နိုင်ငံ့လွတ်လပ်ရေးရရှိရေးအတွက် စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့်ဘီအိုင်အေထဲသို့ တဖွဲဖွဲ ဝင်ရောက်ခဲ့ကြပေသည်။ ဘီအိုင်အေသည် ခြောက်လအတွင်း အင်အား ၅၀ဝ၀ဝ အထိ တိုးတက် လာခဲ့သည်။ ထိုသို့အင်အားကြီးထွား လာမှုကြောင့် ဖက်ဆစ်တို့သည် ၎င်းတို့ကို ပြန်လည်တော်လှန် တိုက်ခိုက်လာမည်ကို စိုးရိမ်ကြသည့်အတွက် ဘီအိုင်အေကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army-BDA)အဖြစ် အင်အား ၃၀ဝ၀ လောက်ဖြင့်သာ ပြန်လည်ဖွဲ့စည်းခဲ့ရသည်။ ထိုကဲ့သို့ပြင်ဆင်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အပေါ် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးလိုသည့် ဖက်ဆစ်များ၏ ပရိယာယ်တစ်ရပ်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအပေါ် ခြယ်လှယ် ချင်သူမှန်သမျှသည် တပ်မတော်အင်အား တောင့်တင်းသည်ကို လက်ခံနိုင်ခြင်းမရှိ ဆိုသည့်အချက်ကိုသမိုင်းက သက်သေပြလျက်ရှိပါသည်။
ဖက်ဆစ်ဂျပန်တို့သည် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအား ရွှေရည်စိမ် လွတ်လပ်ရေးပေးကြောင်း ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများကို မတရားထုတ်ယူ ခဲ့သည့်အပြင် မြန်မာတိုင်းရင်းသားများအား ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ တပ်မတော်သည်ဖက်ဆစ် လက်အောက်၌ ညှဉ်းပန်းနှိပ်စက်ခံနေရသော ပြည်သူလူထုကိုကယ်တင်ရန်အတွက် ၁၉၄၃ ခုနှစ်ကတည်းက ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲရန် ကြိုးစားခဲ့ပေသည်။ မြန်မာ့နိုင်ငံရေးအင်အားစုများကို ပူးပေါင်းပြီး ဖက်ဆစ် တော်လှန်ရေးတွင်ပါဝင်ရန် စွမ်းစွမ်းတမံ စည်းရုံးခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်များသည် ၁၉၄၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကိုလျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။
တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့၌ ရွှေတိဂုံဘုရား အနောက်မြောက်ဘက်ရှိ ကွင်းပြင်ကြီး (ယခုတော်လှန်ရေးပန်းခြံနေရာ)တွင် စစ်ထွက်မိန့်ခွန်းပြောကြားခဲ့ရာ၌ “မြန်မာ့ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ”ဟု အလေးအနက်ထား ပြောကြားခဲ့သည်။ ထိုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် မြန်မာ့သမိုင်းတွင်ထာဝရထင်ရှားနေမည့် ဖက်ဆစ် တော်လှန်ရေးကြီးကို ပြည်သူလူထုနှင့်အတူလက်တွဲပြီး ဆင်နွှဲခဲ့သည်။ ထိုဖက်ဆစ်တော်လှန်ရေးကာလအတွင်း မျိုးချစ်တပ်မတော်ကြီး၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် ဖက်ဆစ်ဂျပန်များ သေဆုံ ဒဏ်ရာ ရ ရှိမှုများပြားခဲ့သည်။ ထို့နောက် ဗမာ့တပ်မတော်သည် ၁၉၄၅ ခုနှစ်ဧပြီလ ၃၀ ရက်နေ့တွင် ဖက်ဆစ်တို့ထံမှ ရန်ကုန်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
မဟာမိတ်တပ်များသည် တပ်မတော်ကို အသိအမှတ်ပြုလက်ခံပြီးနောက် ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ တွင် မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces-PBF) ဟု တရားဝင်ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၄၅ ခုနှစ်စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့ အမျိုး သားတပ်မတော်(Burma National Army-BNA)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ရသည်။ ဘီအိုင်အေ၊ ဘီဒီအေက စတင်သနေ ̈တည်ခဲ့သည့် တပ်မတော်ကြီးသည်စနစ်တကျဖွဲ့စည်းမှု၊ လေ့ကျင့်မှုများဖြင့် ပြည့်ဝလာပြီး ရန်သူကို ရင်ဆိုင်တိုက်ခိုက်နိုင် သည့်အဆင့်အထိ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် တစ်ပြည်လုံးအတိုင်း အတာဖြင့် ပါဝင်ဖွဲ့စည်းထား ပြီးဖြစ်သည့်အတွက် တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် တပ်မတော်ပင်ဖြစ်နေပြီဖြစ် သည်။ ဖက်ဆစ် တော်လှန်ရေးဆင်နွှဲသည့်အချိန်ကစပြီး တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စုတပ်မတော်အသွင်ကို ရောက်ရှိလာခဲ့သည်။ ပြည်သူလူထုနှင့် တစ်ဆက်တစ်စပ်တည်းရှိနေပြီး ပြည်သူလူထု၏တစ်ခဲနက်ထောက်ခံအားပေးမှုကို အပြည့်အဝရရှိနေသည့် အတွက်လည်း ပြည်သူ့တပ်မတော်အသွင်မျိုးဖြစ်လာခဲ့သည်။
တပ်မတော်နေ့
စင်စစ်အားဖြင့် တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တရားဝင် စစ်ကြေညာပြီး ဖက်ဆစ်တော်လှန်ရေးကိုဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားတပ်မတော်၏ ဂုဏ်အင်္ဂါ အပြင်တိုင်းရင်းသားပြည်သူများမှမွေးဖွားသော ညီနောင်တိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဆိုသော ဂုဏ်အင်္ဂါရပ်များနှင့်ပါ ပြည့်စုံသည့်နေ့လည်းဖြစ်သော ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သော နေ့ဖြစ်သည့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် ထိုနေ့၊ ထိုရက်ရောက်ရှိချိန်တွင် ကြည်း၊ ရေ၊ လေတပ်ပေါင်းစုဖြင့်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကြီးကို ခမ်းနားထည်ဝါစွာကျင်းပ လေ့ရှိသည်။ ထိုမွန်မြတ်သော အစဉ်အလာများနှင့်အညီ ပြည်ထောင်စု တပ်မတော်ကြီးကို ဖွဲ့စည်းထူထောင်ခဲ့သည့် (၇၄)နှစ်မြောက် တပ်မတော်နေ့ကို၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂုဏ်ယူဝင့်ကြွားခမ်းနားထည်ဝါစွာ ကျင်းပမည်ဖြစ်သည်။
ငြိမ်းချမ်းရေးတည်ဆောက်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အချက်တစ်ချက်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှု ရှိနေရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သည် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ (၆)ရပ် ချမှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။ ယနေ့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် လက်ကျန်အဖွဲ့များနှင့်လည်း သဘောတူညီချက်ရရှိရေးအတွက် စိတ်ရှည်သည်းခံသဘောထားကြီးစွာဖြင့် လိုက်လျောဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
သင်ခန်းစာယူသင့်
မျက်မှောက်ကာလတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသော ကမ္ဘာ့နိုင်ငံများအနက် အောင်မြင်မှု များရှိသလို ပြည်တွင်းစစ်မီးများတောက်လောင်နေဆဲနိုင်ငံများလည်း ရှိကြသည်။ အထူးသဖြင့် အရှေ့အလယ် ပိုင်းနိုင်ငံများတွင် အစိုးရခေါင်းဆောင်များဖြုတ်ချခံရပြီး လက်ရှိချိန်အထိ ခိုင်မာသောအစိုးရတစ်ရပ် ဖွဲ့စည်း နိုင်ခြင်းမရှိသေးချေ။ အထူးသဖြင့် ခိုင်မာသောတပ်မတော်တစ်ရပ်မရှိသည့်နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်စွမ်းမရှိကြချေ။ ပြည်သူများသည် ခိုကိုးရာမဲ့ကျီးလန့်စာစားဘဝမျိုးဖြင့် နေ့စဉ်ဖြတ်သန်း နေကြရသည်။ ထိုနိုင်ငံများရှိကလေးသူငယ်များသည် အနာဂတ်ပျောက်ဆုံးလျက်ရှိသည်။
ကြိုတင်ပြင်ဆင်ထားသင့်
နိုင်ငံတစ်နိုင်ငံကို ပြည်ပကျူးကျော်ခြိမ်းခြောက်မှုအ္တရာယ်မှ ကာကွယ်သွားနိုင်ရန်သည် စည်းကမ်းပြည့်ဝပြီး စွမ်းရည်ထက်မြက်သော ခေတ်မီတောင့်တင်းသည့် မျိုးချစ်တပ်မတော်တစ်ရပ်ရှိနေရန် လိုအပ်ပေသည်။ ထိုရည်မှန်းချက်နှင့်အညီ တပ်မတော်ကို Standard Army အဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားဖို့ လိုအပ်သည်။ ထိုသို့တည်ဆောက်ရာ တွင်ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းသွားရန် လိုအပ်သည့်အပြင် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်နိုင်ရေးအတွက်လည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်းများကိုပါ အခါအားလျော်စွာပြုလုပ်သွားဖို့လိုအပ်ပေသည်။ မျက်မှောက်ခေတ်ကာလတွင် နည်းပညာများ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ စစ်ရေးဆိုင်ရာအယူအဆသဘောတရား (Doctrine & Concept) များသည်လည်း တိုးတက်ပြောင်းလဲလာနေပြီဖြစ်သည်။ တပ်မတော်သားတိုင်းသည် စစ်မှုရေးရာ သာမက နိုင်ငံတကာ တွင်ဖြစ်ပေါ်လျက်ရှိသော ပြောင်းလဲတိုးတက်မှုများကိုလည်း စဉ်ဆက်မပြတ် လေ့လာသုံးသပ်ကာ နိုင်ငံတော်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ တစိုက်မတ်မတ် ပြုလုပ်သွားဖို့ လိုအပ်သည်။
လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်မြဲဖို့ဆိုလျှင်
ဆိုရလျှင် နိုင်ငံတစ်နိုင်ငံဖြစ်တည်ရန်သည် တိကျစွာပိုင်းခြားသတ်မှတ်ထားသော ပိုင်နက်နယ်မြေ၊ မှီတင်း နေထိုင်သော ပြည်သူလူထု၊ အုပ်ချုပ်သော အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ဆိုသော ဂုဏ်အင်္ဂါ ငါးရပ်ဖြင့် ပြည့်စုံနေရမည်ဖြစ်သည်။ ထိုဂုဏ်အင်္ဂါ ငါးရပ်အနက်မှတိကျစွာပိုင်းခြားထားသော ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကိုကာကွယ်ရန်အတွက် တပ်မတော်တစ်ရပ်မရှိမဖြစ် ဖွဲ့စည်းထားရှိရန် လိုအပ်နေမည်ဖြစ်သည်။ ထိုလိုလားချက်များနှင့်အညီ ပြည်ထောင်စုတပ်မတော်ကြီးကိုလည်း စနစ်တကျ ဖွဲ့စည်းထားရှိသည်။ ထိုတပ်မတော်ကြီးသည် အလိုအလျောက်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ တိုင်းပြည်အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူပေါ်ထွန်းလာခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူနိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်မြဲဖို့ဆိုလျှင်ကျူးကျော်လာနိုင်ခြေရှိသူများကို တိုက်ထုတ်ချေမှုန်း နိုင်စွမ်းရှိသည့်ခေတ်မီတပ်မတော်တစ်ရပ်ကို စနစ်တကျဖွဲ့စည်းထားရှိဖို့လိုအပ်သည်ဆိုသောအချက်ကို မည်သူ မျှ ငြင်းဆို၍ ရနိုင်မည်မဟုတ်ချေ။
မြန်မာ့အလင်း