သျှင်ဝင်းသျှင်
တစ်ခါတစ်ရံ မီးသတ်ယာဉ်များ အချက်ပေးဥသြသံများကို ကြားရတိုင်း အမြဲရင်တုန်မိသည်။ အချိန်နှင့်တစ်ပြေးညီ မီးလောင်ရာအရပ်ဆီသို့ အလျင်အမြန် မောင်းနှင်သွားသော မီးသတ်ယာဉ်များကို မြင်တွေ့လိုက်ရသည့်အခါတိုင်း နှုတ်ကရွတ်ဆို အလိုလို ဆုတောင်းမိခဲ့သည်။ ““လောင်နေသော မီး အမြန်ငြိမ်းပါစေ””ဟု ...
ယနေ့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် မီးလောင်ရာအရပ်သို့ အမြန်ဆုံးရောက်ရှိကြခြင်း၊ အမိန့်ပေးမှုကို စောင့်ဆိုင်းနေခြင်းမရှိ လျင်မြန်စွာ ငြှိမ်းသတ်ပေးကြခြင်း၊ မီးသတ်ပညာဖြင့် လောင်အားကောင်းသော မီးအဟုန်ကို အချိန်တိုအတွင်း ထိန်းပေးနိုင်ခြင်း၊ အသက်နှင့်ကိုယ်အင်္ဂါကိုပင် စွန့်၍ ရဲဝံ့စွာငြှိမ်းသတ်ပေးခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက သွားရောက်ကယ်ဆယ် ကူညီခြင်းစသော ကောင်းသတင်းများဖြင့် ပြည်သူတို့၏ ချစ်ခင်ယုံကြည်ကိုးစားမှုကို ရရှိနေသော တပ်ဖွဲ့တစ်ခုဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံတော်၏ စီးပွားရေးမြို့တော်ဖြစ်သည်။ စီးပွားရေးမြို့တော်နှင့်အညီ စက်မှုဇုန်များ၊ ဈေးကြီးများ၊ ကုန်တိုက်ကြီးများ၊ ဟိုတယ်ကြီးများ၊ အဆင့်မြင့်ကွန်ဒိုအိမ်ရာများဖြင့် စည်ကားစွာရှိနေသည်။ လူနေ ထူထပ်မှု အများဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။
ယခုအချိန်အခါသည် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာ ပြီဖြစ်သည်။ နေ့စဉ် မဟုတ်သော်လည်း မီးလောင်မှု၊ မီးလန့်မှုများ ခပ်စိပ်စိပ် ကြားသိတွေ့မြင်နေရပြီဖြစ်သည်။
သို့အတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့အနေဖြင့် မမှန်းဆနိုင်သော အချိန်အတွင်း ဖြစ်ပေါ်လာမည့် မီးလောင်မှုနှင့် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေး အတွက် ““သင့်လေးသင့်””ဟူ သော လူအသင့်၊ ယာဉ်/စက်-အသင့်၊ ဆီအသင့်၊ ရေအသင့် အမြဲရှိနေသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်မီးသတ်စခန်းလေးခု၊ မြို့နယ်မီးသတ်စခန်း ၃၆ ခု၊ နယ်မြေ မီးသတ် စခန်း ၂၃ ခုတို့တွင် မီးသတ်စခန်း ၆၃ ခု ဖွင့်လှစ်ပြီးဖြစ်သည်။ ထိုမီးသတ်စခန်း ၆၃ ခုတွင် မီးငြှိမ်းသတ်ရေးယာဉ် ၁၃၂ စီး၊ ရေသယ်ယာဉ် ၄၇ စီး၊ မီးသတ်စက်ယာဉ် ၁၃ စီး၊ အထောက်အကူပြု ယာဉ် ၄၅ စီးနှင့်အတူ အနီးကပ်ကြီးကြပ် ကွပ်ကဲ မှုပြုနိုင်ရန် အုပ်ချုပ်ရေးယာဉ် ခုနစ်စီး ဖြင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ၂၄ နာရီ အချိန်ပြည့်နိုးနိုးကြားကြား ရှိနေကြသည်။
သုံးစွဲပြီး မီးငြှိမ်းသတ်ဖို့မေ့
ရန်ကုန်မြို့အတွင်း မီးလောင်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဩန်ကြားရေးမှူး ဦးမျိုးဝင်းနှင့် တွေ့ဆုံခိုက် မေးကြည့်ရာတွင် ၎င်းက ““လူနေအိမ်တွေဆိုရင် အများအားဖြင့် မိုးလင်းပိုင်းအချိန်တွေမှ စတင်လောင်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေက အဲဒီအချိန်မှာ မိမိ မိသားစု တစ်နေ့တာအတွက် ထမင်းဟင်းစတင်ချက်ပြုတ်တဲ့အချိန် ဖြစ်ပါတယ်။ ဂက်စ်မီးတွေ၊ မီးဖိုမီးတွေ စတင်မွှေးတယ်၊ အဲဒီကနေစတင်ပြီး လောင်လေ့ရှိပါ တယ်။ နောက်...... ညပိုင်းတွေမှာလည်း လောင်တတ်ပါတယ်။ အဲဒါက သုံးစွဲပြီး မီးတွေကို ငြှိမ်းသတ်ဖို့ မေ့နေတတ်ကြလို့ပါပဲ။ နောက်တစ်ချက်က လျှပ်စစ်နဲ့အသုံးပြုတဲ့ ထမင်း၊ ဟင်းအိုးတွေ၊ အသုံးဆောင်တွေမှာ ခလုတ်ပိတ်ဖို့ မေ့လျော့သွား တတ်ကြပါတယ်။ အဲဒီကနေ တငွေ့ငွေ့တမြည့်မြည့်နဲ့ လောင်တာပါ။ အဲဒါကို စတင်ငြှိမ်းသတ်နိုင်မယ့် သူတွေက အိပ်မောကျနေမှုကြောင့်ပါပဲ။ အဲဒီက တစ်ဆင့် မီးကပိုမိုကြီးမား အားကောင်းလာလေ့ ရှိပါတယ်””
ဆက်လက်၍ ““နောက် စက်မှုဇုန်တွေ၊ စက်ရုံ အလုပ်ရုံတွေက တစ်နေ့တာ အလုပ်ပြီးသွားတဲ့ အချိန်၊ အခါကြီးရက်ကြီးနဲ့ ဆက်တိုက်ပိတ်ရက်ရှည်တွေမှာ မီးလောင်လေ့ ရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ စက်ရုံက တာဝန်ရှိသူတွေက လျှပ်စစ် မိန်းခလုတ်တွေ(ချ) ပိတ်ဖို့မေ့လျော့သွားတတ်လို့ ပါပဲ။ ဒါ့အပြင် ဆေးလိပ်မီး၊ ခြင်ဆေးခွေမီး၊ ဖယောင်းတိုင်မီးစတာတွေကို မငြှိမ်းသတ်ဘဲ ပေါ့ပေါ့ဆဆထားခဲ့တတ်လို့လဲ မီးစလောင်လေ့ ရှိပါတယ်””ဟု ရှင်းပြသည်။
မီးလောင်မှုများ
ထို့အပြင် မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော မီးလောင်မှုအကြောင်းအရင်းများကိုလည်း သိခွင့်ရရှိခဲ့သည်။ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ သောင်းကျန်းသူရှို့မီး၊ မိုးကြိုးပစ်၍ လောင်သောမီး၊ တောမီး၊ အလိုအလျောက်မီး၊ ပွတ်တိုက်မှုကြောင့် လောင်သောမီး၊ မြူမှုန်ပေါက်ကွဲမှုကြောင့် လောင်လေ့ရှိသော မီးများဟု သိခွင့်ရခဲ့သည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်က လောင်ခဲ့သော ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ် မီးမှာ အများသူငါ အိမ်မောကျနေသော နံနက် ၃ နာရီခန့်က ဖြစ်သည်။ နိုင်ငံခြားဧည့်သည် နှစ်ဦး မီးလောင်သေဆုံးခဲ့ရပြီး ရွှေပြည်သာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းမှာ ဦးခေါင်းထက်သို့ သစ်သားတန်း ပြုတ်ကျ၍ ပြင်းထန်သော ဒဏ်ရာဖြင့် ဆေးရုံတက်ကုသမှု ခံယူခဲ့ရသည်။ ဆေးရုံပေါ်၌ သေဆုံးသည်အထိ လုံးဝသတိရရှိခြင်း မရှိခဲ့ပေ။ စွန့်လွှတ်စွန့်စား မီးသတ်သမားတစ်ဦး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီ ၁၉ ရက်က စမ်းချောင်း မြို့နယ် ဗဟိုလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုမှာလည်း နံနက်လင်းအားကြီးအချိန် ၅ နာရီခန့်က ဖြစ်သည်။ မိသားစုသုံးဦးစလုံး မီးလောင်သေဆုံးခဲ့ရသည်။
အချိန်အကြာဆုံးမီး
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း မီးလောင်မှုအကြိမ်အရေတွက်မှာ ၂၃၅ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူရှစ်ဦး၊ ဒဏ်ရာရရှိသူ ၅၉ ဦးဖြစ်ကာ ဆုံးရှုံးမှုမှာ မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုနှုန်းအရ ငွေကျပ်သန်း ၁၂၅၀ ရှိသည် ဟု သိရသည်။ ထိုနှစ်ထဲတွင် မီးလောင်မှု အချိန် အရှည်အကြာဆုံးမှာ လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံ မီးလောင်မှု ပင်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်မှ မေ ၂ ရက်အထိ ဖြစ်သည်။ ထိုအမှိုက်ပုံ မီးငြှိမ်းသတ်ရမှုမှာ မီးသတ်ရဲဘော် များအတွက် အလွန်အန္တရာယ် ကြီးမားလှပေသည်။ မီးခိုးငွေ့များ၊ လွင့်ပျံ့နေသော မီးပြာစများအကြား အောက်ခြေအမှိုက်ပုံ ကြမ်းခင်းအခြေအနေကို မမှန်းဆနိုင်ဘဲ ရပ်တည်ပက်ဖျန်းနေရသောကြောင့် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စွန့်လွတ် စွန့်စား မီးသတ်သမားအဖြစ် သန္ဓေအင်အား အမျိုးသား/ အမျိုးသမီး ၁၃၅၆ ဦး၊ အရန် မီးသတ်အင်အား ၂၇၃၇၀ ဦးရှိသည်ဟု သိရသည်။
မီးလောင်ပါက အကူအညီတောင်းပါ
တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးဝင်း ကပင် “တကယ်လို့ မီးလောင်မှုနဲ့ တွေ့ကြုံရတဲ့ အခါ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ၊ ထွက်မပြေးပါနဲ့၊ ကြိတ်ပြီးမငြှိမ်းပါနဲ့၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ၊ တစ်ချိန်တည်းမှာပဲ နီးစပ်ရာ မီးသတ်စခန်းကို ဆက်သွယ်အကူ အညီတောင်းပါ၊ ဒါမှမဟုတ် အလွယ်တကူ မှတ်ရလွယ်ကူတဲ့ ၁၉၁ ကိုဆက်ပါ၊ အဲဒါမှသာ မီးလောင်မှုကြီးတွေ မဖြစ်ပွားနိုင်မှာပါ”ဟု ဖြည့်စွက် ရှင်းပြသည်။
ထိုမှ လက်ထောက်ဩန်ကြားရေးမှူး ဦးကျော်လွင်ဦး နှင့် ထပ်မံတွေ့ဆုံခဲ့သည်။ ၎င်းက “မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးမှုမဖြစ်ရအောင် အပိုင်းသုံးပိုင်းနဲ့ ဆောင်ရွက်နေပါတယ်၊ အဲဒါ တွေက (၁) မီးသတိမူရေး၊ (၂) မီးဘေးကြိုတင် ကာကွယ်ရေး (၃) မီးငြှိမ်းသတ်ရေးပဲ ဖြစ်ပါတယ်၊ မီးသတိမူရေးမှာ မီးသတ်ဦးစီးဌာနက အသိပညာပေးအစီအစဉ်နဲ့ ဟောပြောပွဲတွေပဲ ဖြစ်ပါတယ်၊ အဲဒါတွေကို ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ဖော်ပြထုတ်လွှင့်ပေးနေပါတယ်၊ သတိထားလေ့လာကြည့်ဖို့ လိုအပ်ပါတယ်။
အမြဲမပြတ်လေ့ကျင့်ထား
နောက် မီးဘေးကြိုတင်ကာကွယ်ရေးအနေနဲ့ မီးလောင်မှုဖြစ်စေတတ်တဲ့ အကြောင်းအရင်းများကို ဖော်ထုတ်ခြင်းနဲ့၊ မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ခြင်းပါ။ တတိယအချက်ဖြစ်တဲ့ မီးငြှိမ်းသတ်ရေးအတွက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့မှ “မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်” နိုင်ရေးအတွက် အရေးပေါ် တယ်လီဖုန်းနံပါတ်များ စတဲ့ဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်အောင် စီမံဆောင်ရွက်ထားခြင်း၊ မီးလောင်ရာကို ချက်ချင်းသွားနိုင်ရေးအတွက် အမြဲအဆင်သင့်ရှိနေခြင်း၊ မီးသတ်ပညာရပ်များ၊ ယာဉ်၊ စက်၊ မီးသတ်ကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် အမြဲမပြတ်လေ့ကျင့်မှုတွေ ပေးထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနအနေနဲ့ Standard Operation Procedure (S.O.P) တွေ ရေးဆွဲပြီး မီးလောင် မှုပေါ် မူတည်ပြီး Level 1,2,3,4,5 အလိုက် စနစ်တကျထွက်ခွာ ငြှိမ်းသတ်မှုတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်”” ဟု ရှင်းလင်းပြောကြားသည်။
အသင့်အနေအထားရှိ
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး ပြည်နယ်များသို့ ပိုလန်မှ ချေးငွေ (ODA) ဖြင့် ခေတ်မီအဆင့်မြင့် မီးသတ်ယာဉ်ကြီးများသည် ရောက်ရှိနေပြီကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀ စီး လက်ခံ ရရှိထားပြီး မရမ်းကုန်းမြို့နယ်ရှိ ဌာနချုပ်စခန်း တွင်လည်း ဆယ်စီး အသင့်အနေအထားရှိကြောင်း သိရသည်။
လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင် ဦးကပင် “နောက်ဆုံးပြောချင်တာပေါ့နော် မီးနဲ့ ပတ်သက်ပြီး တရားဝင်ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြပါ။ မီးဘေးကြိုတင်ကာကွယ် ရေးအတွက် အိမ်တွေ၊ အလုပ်ရုံ စက်ရုံတွေ၊ ကုန်တိုက်၊ ဟိုတယ်တွေကို လိုက်လံစစ်ဆေးတဲ့အခါ ကြည်ဖြူစွာ အကူအညီပေးကြပါ။ ပူးပေါင်းဆောင် ရွက်ပေးကြပါ။ ကနဦး ငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးတွေ ထားရှိကြပါ။ မီးသတ်ကားတွေ လွတ်လွတ်ကင်းကင်း သွားလာနိုင်ရေးအတွက် အကူအညီပေးကြပါ။ မီးငြှိမ်းသတ်နိုင်ရန် လမ်းကိုညွှန်ပြပေးကြပါ။ မီးသတ်ယာဉ်တွေ အရေးတကြီးသွားတဲ့အခါ မီးသတ်ယာဉ်တွေနဲ့ အပြိုင်မောင်းနှင်ခြင်းမှ ရှောင်ကြဉ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်””ဟု ဆိုသည်။
တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးမှ ပြန် အထွက် မီးသတ်ဦးစီးဌာနက ချိတ်ဆွဲထားသော သတိပေးကြော်ငြာဆိုင်းဘုတ်တစ်ခုကို ပြန်လည် မြင်ယောင်မိလာသည်။ “သင့်ကြောင့် မီးမလောင် ပါစေနှင့်”......ဟု ။
မြန်မာ့အလင်း


