တာချီလိတ် ၂၇ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ လေထုအတွင်း မီးခိုးမြူပါဝင်မှု ပြန်လည်များပြားလာခြင်းကြောင့် လေထု အရည်အသွေးတိုင်းတာမှုကို ယမန်နေ့နံနက် ၁ဝ နာရီက ပြန်လည်စတင် တိုင်းတာကြောင်း သိရသည်။
အဆိုပါ လေထုအရည်အသွေး တိုင်းတာမှုကို ရှမ်းပြည်နယ် ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တိုင်းတာပေးခြင်းဖြစ်ပြီး လေထုအရည်အသွေး အညွှန်းကိန်း(AQI)ကို မတ် ၂၇ ရက်တွင် သိရှိရမည်ဖြစ်ကြောင်း လေထုအရည်အသွေး တိုင်းတာပေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။ တာချီလိတ်မြို့၌ မတ် ၁၈ ရက်မှ ၂ဝ ရက်အထိ လေထု အရည်အသွေးမှာ လိမ္မော်ရောင် အဆင့်ဖြစ်သည့် ၁၃၈၊ ၁၃၉ ဝန်းကျင်၌ တည်ငြိမ်နေသည့်အတွက် လေထုအရည်အသွေး တိုင်းတာမှု ရပ်ဆိုင်းခဲ့ပြီး မတ် ၂၂ ရက်မှ ၂၄ ရက်အထိ လေထုအတွင်း မီးခိုးမြူပါဝင်မှု သိသိသာသာ များပြားလာသဖြင့် ပြန်လည်တိုင်းတာနေခြင်းဖြစ်သည်။
ယင်း လေထုအရည်အသွေး ဆိုးရွားလာမှုကြောင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းအပြင် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့တို့က မီးသတ်ယာဉ်များဖြင့် လေထုအတွင်း ရေမှုန်ရေမွှားများ တစ်နေ့လျှင် သုံးကြိမ်ပက်ဖျန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နှင့် နီးစပ်လျက်ရှိသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ယနေ့နံနက်ပိုင်း တိုင်းတာချက်အရ လေထုအရည်အသွေး အညွှန်းကိန်းမှာ အဆင့် ၂၈၉ ရှိနေကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)