နေပြည်တော် ဇွန် ၂၀

 

တပ်မတော်အနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူး လမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းကြောင်းပေါ်ရှိ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့အား ယနေ့တွင် ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ကလေး-တမူး လမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီချီတက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် ဇွန် ၇ ရက်တွင် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အရှေ့ခုံသာကျေးရွာ၊ ၅၆ မိုင် ကျေးရွာ၊ ၅၅ မိုင် ကျေးရွာတို့အား လည်းကောင်း၊ အလားတူ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် နန်းမွတ်တားကျေးရွာ၊ ရန်လင်းပိုင်ကျေးရွာနှင့် ၎င်းကျေးရွာအနီး နှစ်နိုင်ငံနယ်စပ်ရှိ အကြမ်းဖက် သမားများအခြေချနေထိုင်သည့် စခန်းတို့အား လည်းကောင်း၊ ဇွန် ၁၃ ရက်တွင် ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ် ရေလှောင်တမံတို့အား လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ရန်မျိုးအောင်ကျေးရွာအား လည်းကောင်း၊ ဇွန် ၁၆ ရက်တွင် စော်ဘွားရေရှင်ကျေးရွာအား လည်းကောင်း၊ ဇွန် ၁၇ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာအား လည်းကောင်း သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။
 

 

ပြန်လည်သိမ်းပိုက်ထိန်းချုပ်

 

တပ်မတော် စစ်ကြောင်းများသည် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် ဇွန် ၁၉ ရက် တွင် ခွန်နိုင်းကျေးရွာနှင့် နန်းခေါက်ခေါက်ကျေးရွာတို့အား လည်းကောင်း၊ ယနေ့တွင် နန်းကတိတ်ကျေးရွာနှင့် ခါမ်းပါတ်မြို့အား လည်းကောင်း အောင်မြင်စွာ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် မြို့၏မြောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် အဆိုပါပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အသေးစိတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ယနေ့ သိမ်းပိုက်ရရှိခဲ့သော ခါမ်းပါတ်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း ပါဝင်သည့် မြို့နယ်ခွဲတစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်အနီး၌ တည်ရှိသောကြောင့် ကလေး-တမူး လမ်းကြောင်းပေါ်ရှိ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ ခါမ်းပါတ်မြို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ယာယီစိုးမိုး၍ ဒေသခံတိုင်းရင်းသား ပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာမြို့အား စစ်စခန်းအဖြစ် အခိုင်အမာခံစစ်ဆင်ခဲ့ရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခဲ့ရပြီး နှစ်နိုင်ငံကုန်စည်စီးဆင်းမှု မရှိတော့ဘဲ ဒေသခံပြည်သူများ၏ ပို့ကုန်/ သွင်းကုန်များ စီးဆင်းမှုလည်း ရပ်တန့်ခဲ့ရသည်။ ထို့ပြင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်စပ်ဒေသလုံခြုံရေး၊ ဒေသစီမံခန့်ခွဲရေးနှင့် ကုန်သွယ်မှု ပြန်လည်လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေသဖြင့် အဘက်ဘက်မှ များစွာနစ်နာဆုံးရှုံးခဲ့ရသည်။

 

ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ခါမ်းပတ်မြို့အပါအဝင် အဆိုပါဒေသရှိ မြို့/ ရွာများအား ယာယီစိုးမိုးထားစဉ်အတွင်း အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း/ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွား ယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများစသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့်အပြင် ပြည်သူလူထု၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများအတွင်း သဲအိတ်များစီ၍ ဘန်ကာများ ပြုလုပ်ထားခြင်း၊ မြို့/ ရွာများအတွင် မိုင်းများထောင်ခြင်း၊ ခြံဝင်းများအတွင်း ခံစစ်ပစ်ကျင်းများ တူးဖော်၍ အခိုင်အမာခံစစ်ဆင်ကာ စစ်စခန်းများအဖြစ် အသုံးချထားသည်ကို တွေ့ရှိရသည်။

 

ယခုအခါ တပ်မတော်စစ်ကြောင်းများသည် ခါမ်းပါတ်မြို့အပါအဝင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့/ ရွာများ၌ ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်းနှင့် မိုင်းရှင်းလင်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်