နေပြည်တော် ဇွန် ၂၀
အားကစားရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၆ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး (ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဗထူးအားကစားရုံ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကောင်စစ်ဝန်ချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး (ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ၌ စာသင်ဆောင်များနှင့် အားကစားနှင့်ကာယပညာသိပ္ပံရုံး အသစ်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုပြီး အစည်းအဝေးခန်းမ၌ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အောင်မြေမန္တလာ အားကစားကွင်း၌ Football for School အစီအစဉ်ဖြင့် အခြေခံဘောလုံးနည်းစနစ်များ၊ အခြေခံပြေးခုန်ပစ် နည်းစနစ်များနှင့် တိုက်ကွမ်ဒိုအားကစား အခြေခံနည်းစနစ်များ လေ့ကျင့်သင်ကြားပေးမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


