ဇင်လင်းမြင့်
ရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒီလို စီမံဆောင်ရွက်တဲ့အခါ အိမ်ရာအဆောက် အအုံသစ် စီမံကိန်းတွေအပြင် သက်တမ်းကြာနေပြီဖြစ်တဲ့ အစိုးရအိမ်ရာ စီမံကိန်းတွေကို အသစ်ပြုပြင်မှုတွေ ပြုလုပ်နေပါတယ်။ သက်တမ်းရင့်အစိုးရ အိမ်ရာစီမံကိန်းတွေအနက် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်မှာ တည်ရှိနေတဲ့ ပြည်တော်သစ် အိမ်ရာစီမံကိန်းကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
အသစ်ပြန်လည်တည်ဆောက်မှုတွေပြုလုပ်
ရန်ကုန်မြို့မှာ အစိုးရအိမ်ရာစီမံကိန်း အဟောင်းတွေ အသစ်ပြုပြင် တည်ဆောက်နေတာဟာ သက်တမ်းကာလ ကြာမြင့်လာမှု၊ နေထိုင်သူတွေ ဘေးအန္တရာယ်ကင်းဝေးနိုင်မှု၊ အဆောက်အအုံတွေ ပျက်စီးယိုယွင်းမှုတွေ ရှိလာတဲ့အပြင် ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်ကောင်းကို ထပ်လောင်း ဖြည့်ဆည်းပေးနိုင်မှုအတွက်ကြောင့် အခုအခါ အသစ်ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
အခု ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်းဟာ လွန်ခဲ့တဲ့ ၁၉၅၆ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်လို့ အခုအချိန်မှာ သက်တမ်း ၆၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ မိသားစု ၁၄၂ စု နေထိုင်တာဖြစ်တာမို့ အခုလို အိမ်ရာ ပြန်လည်တည်ဆောက်တဲ့ကာလမှာတော့ ရွှေ့ပြောင်းနေထိုင်နေတာ ဖြစ်ပါတယ်။
ပြည်တော်သစ်အိမ်ရာ စီမံကိန်းဟာ ၄ ဒသမ ၃၄၈ ဧက ကျယ်ဝန်းပြီး မူလက တိုက်ခြောက်လုံး ပါရှိပါတယ်။ အခုအချိန်မှာတော့ ၁၂ ထပ်မြင့်တဲ့ တိုက်အဆောက်အအုံတစ်လုံး တည်ဆောက်နေပြီး မြေအောက်ကားပါကင်လည်း ပါဝင်ပါတယ်။ အဲဒီ ၁၂ ထပ် အဆောက်အအုံပြီးစီးသွားရင်တော့ မူလ ရွှေ့ပြောင်းထားရတဲ့ မိသားစုတွေကို ပြန်လည်ရွှေ့ပြောင်း နေရာချထားပေးမှာ ဖြစ်ပါတယ်။ အဲဒီ ပြည်တော်သစ်အိမ်ရာစီမံကိန်းမှာ နောက်ထပ် တိုက်ငါးလုံးကို လာမယ့် မေလမှာ စတင်တည် ဆောက်နိုင်ရေး ကြိုးစားနေပါတယ်။
မြို့ပြနှင့်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခု
ပြည်တော်သစ်အိမ်ရာ စီမံကိန်းဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ပြန်လည်ဖွံ့ဖြိုး ရေးစီမံကိန်းတွေထဲက စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ Yangon Metropolitan Development Public Co.,Ltd က ကြီးကြပ်ပြီး M.K.T ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
ပြည်တော်သစ်အိမ်ရာ စီမံကိန်းရဲ့ အပိုင်း(၁)အတွက် တည်ဆောက်နိုင်ဖို့ ၂၀၁၉ ခုနှစ် မတ် ၁၄ ရက်က တင်ဒါခေါ်ယူခဲ့ပြီး အဆိုပြုလွှာတွေကို လက်ခံနေပါတယ်။ အဲဒီပြည်တော်သစ်အိမ်ရာ စီမံကိန်းရဲ့ အပိုင်း(၂)မှာတော့ ရှော့ပင်းမော၊ ကွန်ဒို၊ အဆင့်မြင့်အိမ်ခန်း၊ အော့ဖစ်တာဝါတွေ ပါဝင်မှာဖြစ်ပြီး လာမယ့် ၂၀၂၂-၂၀၂၃ ခုနှစ်ခန့် မှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်။
ဒါကြောင့်မို့လည်း ပြည်တော်သစ်အိမ်ရာ စီမံကိန်းရဲ့ အပိုင်း(၂)ကို Sub-Developer အဖြစ် ရင်းနှီးမြှုပ်နှံ စိတ်ဝင်စားမှု အဆိုပြုလွှာတွေကို ခေါ်ယူထားတာဖြစ်ပါတယ်။ အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး Sub-Developer ကို စီမံကိန်းရဲ့Master Plan ၊ Boundry Map ၊ Eo ၊ Form & Regulation တွေ ပေးအပ်သွားမယ်လို့ ဆိုပါ တယ်။
၂၀၂၃ ခုနှစ်ခန့်မှာ ပြီးစီးမယ်မျှော်မှန်း
ပြည်တော်သစ်အိမ်ရာ စီမံကိန်းရဲ့ အပိုင်း (၁)ကိုတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ပိုင်ရိုက်မှု စတင်ခဲ့တာဖြစ်လို့ စီမံကိန်းတစ်ခုလုံးကို လာမယ့် ၂၀၂၃ ခုနှစ်ခန့်မှာ ပြီးစီးမယ်လို့ မျှော်မှန်း ထားတာဖြစ်ပါတယ်။
“ပြည်သူတွေရဲ့ လက်ရှိ နေထိုင်မှုဘဝကို မြှင့်တင်ပေးခြင်းဖြစ်ပြီး လူတို့ရဲ့ဘဝကို မြှင့်တင်ပေး ခြင်းဟာ နိုင်ငံရဲ့ဖြိုးမှုကို မြှင့်တင့်ပေးခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်တော်သစ်အိမ်ရာစီမံကိန်း စတင်ပိုင်ရိုက်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ ပါတယ်။
ဒါကြောင့်မို့လို့လည်း ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွေက တည်ဆောက်ခဲ့တဲ့ အင်းစိန်မြို့နယ်က ကြို့ကုန်းအိမ်ရာ၊ ရန်ကင်း မြို့နယ်က ရန်ကင်းအိမ်ရာ၊ နောက်ပြီး ဦးဝိစာရ အိမ်ရာ၊ လမ်းသစ်အိမ်ရာ၊ ဇဝနအိမ်ရာ၊ ပြည်တော် သစ်အိမ်ရာစတဲ့ အစိုးရအိမ်ရာတွေကို အခုအချိန် မှာတော့ အသစ်ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်။
ကြံ့ခိုင်မှုအရည်အသွေးလျော့နည်းလာ
အဲဒီသက်တမ်းရင့်အိမ်ရာစီမံကိန်းတွေဟာ ခိုင်ခံ့မှု၊ ကြံ့ခိုင်မှုအရည်အသွေး တဖြည်းဖြည်း လျော့နည်းလာမှု၊ ပျက်စီးယိုယွင်းမှုနဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်မှုတွေအပြင် ယနေ့ ရန်ကုန် မြို့ပြရဲ့ ‘ဖြိုးတိုးတက်မှု သွင်ပြင်လက္ခဏာကို ပုံရိပ်ကျဆင်းစရာတွေ ဖြစ်နေတာမို့ အခုလို အသစ် ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ သက်တမ်းရင့်အိမ်ရာစီမံကိန်းတွေကို အသစ်ပြန်လည်တည်ဆောက်မှုတွေ ဆောင်ရွက်နေသလို ရန်ကုန်မြို့မှာ အိမ်ရာ စီမံကိန်းအသစ်တွေ အများအပြား အကောင်အထည်ဖော်နေလျက် ရှိသည်။ လှိုင်ယာယာ မြို့နယ်မှာ ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ အိမ်ရာစီမံကိန်းတွေမှာ လက်လှမ်းမီနိုင်တဲ့ ငွေကြေးပမာဏကို သတ်မှတ်ထားတဲ့အပြင် အရစ်ကျ ပေးချေမှုစနစ်တွေနဲ့လည်း အိမ်ရာတိုက်ခန်းတွေကို အရစ်ကျ ဝယ်ယူမှုပြုလုပ်နိုင်အောင် စီမံ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ရန်ကုန်မြို့မှာ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနဲ့ ကျူးကျော်နေထိုင်သူတွေအတွက် အိမ်ရာသုံးသိန်းကျော် လိုအပ်နေပြီး အဲဒီအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း မြေနေရာ နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေလျက်ရှိပါတယ်။ ဂျပန်နိုင်ငံကလည်း အိမ်ရာစီမံကိန်းအတွက် ကျပ်ဘီလီယံ ၁၅၀ ကို နှစ်ဆင့်ချေးငွေအဖြစ် ထုတ်ချေးရန် သဘောတူထားတယ်လို့ဆိုပါတယ်။
မူလဈေးနှုန်း အသက်သာဆုံးဖြစ်အောင်
အဲဒီချေးငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးနှင့် အိမ်ရာ‘ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ထုတ်ချေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြေနေရာကို ရှာဖွေနေတာဖြစ်ပြီး အဲဒီမြေနေရာကိုလည်း သုညတန်ဖိုးအထိ လျှော့ချကာ တိုက်ခန်း မူလဈေးနှုန်း အသက်သာဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။
ဒါတွေဟာ ရန်ကုန်မြို့ပြရဲ့ ပြည်သူတွေ နေထိုင်မှုဘဝ တိုးတက်မြင့်မားအောင် ကြိုးစား နေတာဖြစ်သလို အခုပုဇွန်တောင်မြို့နယ် (၃) ရပ်ကွက်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်နေမှုဟာလည်း ရန်ကုန် မြို့ပြရဲ့တိုးတက်ဖွံ့ဖြိုးမှုကို ဖြည့်စွက်ဖြည့်ဆည်း ပေးမယ့် စီမံကိန်းအဖြစ် ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ ။
မြန်မာ့အလင်း
