ဖနောင်ပင် ဇွန် ၂၁
ကမ္ဘောဒီးယားနှင့်မလေးရှားနိုင်ငံတို့အကြား သတင်းအချက်အလက်၊ သတင်းစာပညာနှင့် မီဒီယာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဇွန် ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအရ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဉာဏ်ရည်တုနည်းပညာနှင့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်သည်။
အဆိုပါနားလည်မှုစာချွန်လွှာကို မလေးရှားနိုင်ငံ ပီနန်တွင် ကျင်းပသည့် မလေးရှားနိုင်ငံ အမျိုးသားသတင်းထောက်များနေ့အခမ်းအနားပြင်ပတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ပရက်သာဗက်အေမီဒါနှင့် မလေးရှားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး ဒါတိုဆရီဖာမီ ဖက်ဇေးတို့ တွေ့ဆုံဆွေးနွေး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် ပြည်သူချင်းဖလှယ်မှုများကို မြှင့်တင်ရန်အတွက် သတင်းအချက်အလက်၊ သတင်းစာပညာနှင့် မီဒီယာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအတွင်း ယနေ့ခေတ်မီဒီယာလောကတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများဖြစ်သည့် သတင်းတု၊ သတင်းမှားပြဿနာ၊ ဒီဂျစ်တယ်လုံခြုံရေးနှင့် သတင်းအချက်အလက်ထုတ်ပြန်ရာတွင် ဉာဏ်ရည်တုနည်းပညာသုံးစွဲမှုများပြားလာခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအကြား သတင်းအချက်အလက်ဖလှယ်ခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များထုတ်လွှင့်ခြင်း၊ သတင်းထောက်များအား သင်တန်းပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဒီဂျစ်တယ်နည်းပညာမြှင့်တင်ခြင်း၊ ဉာဏ်ရည်တု နည်းပညာဆိုင်ရာ အက်ပလီကေးရှင်းများဖန်တီးခြင်း၊ သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရုပ်ရှင်နှင့် ရုပ်သံမှတ်တမ်းများရိုက်ကူးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ ကမ္ဘောဒီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ(Cambodia’s Agence Kampuchea Presse (AKP)) နှင့် မလေးရှားနိုင်ငံ ဘနာမာသတင်းအေဂျင်စီတို့အပါအဝင် နှစ်နိုင်ငံစလုံးရှိ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်သည်။ ယခုသဘောတူညီ ချက်မှနေ၍ လက်တွေ့ကျသည့်ရလဒ်များ ရရှိရေးဆောင်ရွက်မည်ဟု ပရက်သာဗက်အေမီဒါက ပြောကြားသည်။
ကိုးကား- ခမာတိုင်းမ်
ဘာသာပြန် - စိုးသူရ


