ရန်ကုန် ဇွန် ၂၁
၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၅) လက်ကျန်ပွဲများကို ဇွန် ၂၀၊ ၂၁ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်း ဆက်လက်ဦးဆောင်နေသည်။
လက်ကျန်ပွဲများတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရန်ကုန် စီးတီးအသင်းက Galaxy အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဟံသာဝတီယူနိုက်တက်အသင်းက မြဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဧရာဝတီယူနိုက်တက်အသင်းနှင့် Chinland အသင်းတို့ နှစ်ဂိုးစီ သရေကျ ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးများကို ခွန်းချိုထူးက ၁၂၊ ၂၄ မိနစ်တွင် သွင်းယူခဲ့ပြီး ရတနာပုံအသင်းအတွက် ချေပဂိုးကို မိနစ် ၂၀ တွင် Sa Htunt Awar က သွင်းယူခဲ့သည်။ ရန်ကုန်စီးတီးနှင့် Galaxy အသင်းပွဲတွင် ရန်ကုန်စီးတီးအသင်းအတွက် ဂိုးများကို မိနစ် ၂၀ တွင် မင်းဘုန်းခန့်၊ ၄၆ မိနစ်တွင် အောင်ပြည့်ဖြိုး၊ Galaxy အသင်းအတွက် ချေပဂိုးကို ၄၂ မိနစ်တွင် အောင်မြတ်သာက သွင်းယူခဲ့သည်။
ပွဲစဉ်(၅) အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁၃ မှတ်ဖြင့် ဦးဆောင်နေပြီး ရှမ်းယူနိုက်တက် အသင်းက ၁၁ မှတ်၊ အား/ကာသိပ္ပံ အသင်းက ၁၀ မှတ်၊ Galaxy အသင်းက ကိုးမှတ်၊ Falcon အသင်းနှင့် သစ္စာအားမာန်အသင်းက ရှစ်မှတ်စီ၊ ရတနာပုံ၊ ဒဂုံစတားယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်အသင်းတို့က ခုနစ်မှတ်စီ၊ ဟံသာဝတီယူနိုက်တက်အသင်းက ခြောက်မှတ်၊ ရန်ကုန်စီးတီးနှင့် ဧရာဝတီယူနိုက်တက်အသင်းက လေးမှတ်စီ၊ မြဝတီအသင်းက သုံးမှတ်၊ Chinland အသင်းက တစ်မှတ်ရရှိထားသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MNL


