မောင်အေးချမ်း (နေပြည်တော်)

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေအပေါ်မူတည်ပြီး “ဝင်ရောက်ဖျန်ဖြေခြင်း” ဟူသည့် အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂအနေဖြင့် အနောက်နိုင်ငံအုပ်စုများ၏ ကြိုးဆွဲရာအတိုင်း ကုလသမဂ္ဂ ယန္တရားအမျိုးမျိုးကို အသုံးပြုလျက် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခဲ့ပါသည်။ ယင်းကဲ့သို့သော ကုလသမဂ္ဂယန္တရားများထဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (UN Special Envoy) အခန်းကဏ္ဍလည်း အပါအဝင်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး/အထူးကိုယ်စားလှယ် ပေါ်ပေါက်လာပုံနှင့် ထိတွေ့ဆက်ဆံမှု

အတိတ်ကိုပြန်လည် ဆန်းစစ်ရမည်ဆိုပါက ၁၉၉၀ ပြည့်လွန်နှစ် များမှစတင်၍ မြန်မာ့အရေးနှင့်ပတ်သက်၍ ဝင်ရောက်ဖြေရှင်းညှိနှိုင်းမှု ပြုလုပ်ရန် ကုလသမဂ္ဂအထွေထွေညီလာခံက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တာဝန်ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ၁၉၉၃ ခုနှစ် တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် A/RES/ 48/150 ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို နောင်လာမည့် အထွေထွေညီလာခံများသို့ မြန်မာအရေးကိစ္စအား အစီရင်ခံစာ တင်သွင်းစေခြင်းဖြင့် အတွင်းရေးမှူးချုပ်၏ good offices role ကို စတင်မြစ်ဖျားခံခဲ့ပါသည်။ ယင်းနောက်တွင် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူများ/အကြံပေးများ/ အထူးကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးလာပါသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့သော ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုများကို လက်မခံသော်လည်း ကုလသမဂ္ဂ၏ တာဝန်သိ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် ၎င်းတို့နှင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် မလေးရှားနိုင်ငံသား အထူးကိုယ်စားလှယ် Mr. Razali Ismail (၂၀၀၀-၂၀၀၆)၊ နိုင်ဂျီးရီးယား နိုင်ငံသား အထူးအကြံပေး Mr. Ibrahim Gambari (၂၀၀၆-၂၀၀၉) နှင့် အိန္ဒိယနိုင်ငံသား အထူးအကြံပေး Mr. Vajay Nambiar (၂၀၁၀-၂၀၁၆) တို့ကို လက်ခံထိတွေ့ဆက်ဆံခဲ့ပါသည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် နယ်မြေဒေသလုံခြုံရေးနှင့် ဒေသခံပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ တပ်မတော်၏ တန်ပြန်ဆောင်ရွက်ချက်များကို အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဆိုတင်သွင်းကာ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကို ပြန်လည်အသက်သွင်းခဲ့ပါသည်။ ယင်းကြောင့် ဆွစ်ဇာလန်နိုင်ငံသူ Ms. Christine Burgener (၂၀၁၈-၂၀၂၁) နှင့် စင်ကာပူနိုင်ငံသူ Ms. Noeleen Heyzer (၂၀၂၁-၂၀၂၃) တို့ တာဝန်ထမ်းဆောင်ခဲ့ကြပြီး လက်ရှိအထူးကိုယ်စားလှယ်ဖြစ်သည့် ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဟောင်း Ms. Julie Bishop ကို ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်တွင် ခန့်အပ်ခဲ့ပါသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ (၄) ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။

မြေပြင်ပကတိ တိုးတက်မှုနှင့် ကုလသမဂ္ဂ၏ တစ်ဖက်သတ်အမြင်များ

ကုလသမဂ္ဂတွင် မျှတခြင်းနှင့် ဘက်လိုက်မှုကင်းခြင်းဟူသော အခြေခံမူဝါဒများရှိသော်လည်း မြန်မာ့အရေးတွင် တစ်ဖက်သတ် ရပ်တည်ချက်များသာ အစဉ်တစိုက် တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကို လေ့လာမည်ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို မလွှဲသာမရှောင်သာ လွှဲပြောင်းရယူခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်အတွင်း အပိုင်း (၃) ပိုင်းခွဲ၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးသူ ၁၃.၁၃ သန်းကျော်က လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသဖြင့် ယခုအခါ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်နှင့် ဒီမိုကရေစီနည်းကျအစိုးရသစ် ပေါ်ထွန်းလာကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စတင်အကောင်အထည်ဖော်လျက် ရှိပါသည်။ ထို့ပြင် ယခင်အရေးပေါ်ကာလအချိန်များကပင် နိုင်ငံနှင့် ပြည်သူများအတွက်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းဆိုင်ရာအကျိုးအတွက်လည်းကောင်း မိမိတို့၏ မိတ်ဆွေနိုင်ငံများ နှင့် အစဉ်ထိတွေ့နည်းလမ်းများရှာဖွေလျက် ပူးပေါင်းဆောင်ရွက်မှုများကို တစိုက်မတ်မတ် ပြုလုပ်ခဲ့ပါသည်။

ယင်းသို့သောအခြေအနေများကို လျစ်လျူရှုလျက် ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ အလွတ်သဘောရှင်းလင်းမှု (Informal Briefing) တွင် မြန်မာ နိုင်ငံအပေါ် အပြုသဘောမဆောင်သော၊ တစ်ဖက်စောင်းနင်းဖြစ်သော စွပ်စွဲချက်များကို အောက်ပါအတိုင်း ချဲ့ကားတင်ပြသွားခဲ့ပါသည်-

ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ လွဲမှားသော တံဆိပ်ကပ်မှု

မြန်မာနိုင်ငံအား ဆိုက်ဘာရာဇဝတ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက် (epic center) အဖြစ် စွပ်စွဲဖော်ပြခဲ့သည်ကို တွေ့ရှိရသည် (A/80/307- အပိုဒ် ၁၇/ ၅-၈-၂၀၂၅)။ မြန်မာအစိုးရသည် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ နှိမ်နင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပါသည်။ သို့ရာတွင်လည်း အစိုးရ၏ ဆောင်ရွက်ချက်များကို မျက်ကွယ်ပြုပြီး ယခုကဲ့သို့ ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် တစ်ဖက်သတ်ဆန်စွာ တံဆိပ်ကပ်ဖော်ပြခဲ့ခြင်းသည် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာနိုင်စွမ်းအပေါ် မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။

စားနပ်ရိက္ခာ ဖူလုံမှုအပေါ် ချဲ့ကားပြောဆိုခြင်း

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှုဒဏ်အဆိုးရွား ဆုံးခံစားနေရသည့် ဆဋ္ဌမမြောက်နေရာအဖြစ် စွပ်စွဲဖော်ပြထားပါသည် (A/HRC/60/20 - အပိုဒ် ၃၀ နှင့် ၂၀၂၆ ခုနှစ်၊ Global Report on Food Crisis နှင့် FAO-WFP Hotspots တို့တွင် ဖော်ပြချက်)။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး မြေပေါ်မြေအောက်သယံ ဇာတကြွယ်ဝသည့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံမှုအခြေအနေသည် ပြည်တွင်းစားသုံးမှု ဖူလုံနေသည့် (self-sufficient) အဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါသည်။ ထို့ပြင် အမျိုးသား စားနပ်ရိက္ခာ ဖူလုံရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်သန္နိဋ္ဌာန်ချမှတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အကြမ်းဖက်မှုအား စစ်ရေးအရ ဆောင်ရွက်ခြင်းအပေါ် တစ်ဖက်သတ် စွပ်စွဲခြင်း

တပ်မတော်၏ အကြမ်းဖက်မှုများအပေါ် စစ်ရေးအရတုံ့ပြန်မှုများနှင့် ၎င်းတို့အဆိုအရ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ကြောင်း စွပ်စွဲဖော်ပြထားပါသည် (A/HRC/60/20- အပိုဒ် ၈/၂၉-၈-၂၀၂၅)။ လက်တွေ့တွင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း (Rules of Engagement - RoE) ကို တိကျစွာလိုက်နာလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင် ရေးများကို ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ တပ်မတော်အနေဖြင့် အရပ်ဘက်အခြေခံအဆောက်အအုံများတွင် ခြေကုပ်ယူကိုယ်ရောင် ဖျောက်ထားသည့် အကြမ်းဖက်သမားများကိုသာ ဦးတည်နှိမ်နင်းခြင်းဖြစ်ပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိပါ။ သို့ရာတွင်လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံတော်၏ အခြေခံလုံခြုံရေးတာဝန် ဝတ္တရားများကို လျစ်လျူရှုကာ အကြမ်းဖက်သမားများ ကိုယ်တိုင်ဝါဒ ဖြန့်ချိနေသည့် အတည်မပြုနိုင်သော လုပ်ကြံပြောဆိုချက်များအပေါ်၌သာ အမှီပြုနေကြောင်း တွေ့ရှိရပါသည်။

PDFs များနှင့် အချို့သော EAOs များ၏ လူမဆန်သော ရာဇဝတ်မှုများကြောင့် ၂၀၂၁ မှစ၍ ယနေ့အချိန်အထိ အမျိုးသမီး၊ ကလေးသူငယ်အပါအဝင် အရပ်သား ၉,၇၉၅ ဦးသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး မည်သည့်အချိန်ကမျှ ဖော်ပြပြောဆိုခြင်းမရှိဘဲ မျက်ကွယ်ပြုထားဆဲဖြစ်ပါသည်။

နေရပ်စွန့်ခွာသူများ (IDPs) စာရင်းများ အလွန်အကျွံဖောင်းပွခြင်း

မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများ (IDPs) အရေအတွက် မြင့်မားနေသည်ဟု စွပ်စွဲဖော်ပြထားပါသည် (A/80/307-အပိုဒ် ၈/ ၅-၈-၂၀၂၅)။ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာရမှုများသည် ယာယီ သဘောမျှသာဖြစ်ပြီး အခြေအနေပေးသည်နှင့် ၎င်းတို့၏မူလနေရပ်သို့ ပြန်လည်အခြေချလေ့ရှိပါသည်။ ယင်းကဲ့သို့သော သဘောသဘာဝ များကို နားလည်ခြင်းမရှိဘဲ အနောက်အုပ်စုက ထောက်ပံ့ထားသည့် NGOs ၊ INGOs များ၏ ချဲ့ကားဖောင်းပွထားသော IDPs စာရင်းများကို ထပ်မံစိစစ်ခြင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမရှိဘဲ စာရင်းများကို ထပ်တိုးဖော်ပြနေခြင်းတို့ကိုသာ ပြုလုပ်နေကြောင်း တွေ့ရှိရပါသည်။

အမျိုးသမီးအခွင့်အရေးနှင့် zero-tolerance မူဝါဒကို စွပ်စွဲခြင်း

ကုလသမဂ္ဂအနေဖြင့် အနောက်အုပ်စုနှင့် နိုင်ငံရပ်ခြားတိုင်းတစ်ပါး အထောက်အပံ့ ငွေကြေးများဖြင့် ရပ်တည်ပြီး တစ်ဖက်သတ်/ဆန့်ကျင်သည့် အမြင်များရှိသည့် NGOs နှင့် INGOs များ၏ အမျိုးသမီး နှင့်ပတ်သက်၍ စွပ်စွဲမှုများကိုသာ ကိုးကားဖော်ပြထားပါသည် (S/2026/321- အပိုဒ် ၅၀/ ၂၁-၄-၂၀၂၆ )။

မြန်မာ့လူမှုအဖွဲ့အစည်းသည် လိင်အကြမ်းဖက်မှုကို ရိုးရာယဉ်ကျေးမှုအရ ဆန့်ကျင်သော သမိုင်းကြောင်းအစဉ်အလာရှိပါသည်။ ယင်းဓလေ့ကိုအခြေခံ၍ နိုင်ငံတော်အစိုးရအဆက်ဆက်က ကျား-မနှင့် လိင်စိတ်ခံယူမှုကွဲပြားသူအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန် ဥပဒေနှင့်အညီ ပြတ်သားစွာ ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် မည်သည့်ပြစ်မှုကိုမဆို အသေးအဖွဲပင် ဖြစ်လင့်ကစား လုံးဝခွင့်မလွှတ်ဘဲ အရေးယူအပြစ်ပေးသည့် (zero-tolerance policy) ချမှတ်ထားပြီး ကျူးလွန်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများအား တားဆီးနိုင်ရေး အတွက် အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရား ၂၄ နာရီ Helpline (၁၅၆၆) ကို ၂၀၂၂ ခုနှစ်တွင် ထူထောင်ခဲ့ပါသည်။ ၂၀၂၂ မှ ၂၀၂၆ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် မသက်ဆိုင်သော လိင်ပိုင်း ဆိုင်ရာ အမှုပေါင်း ၂,၃၀၀ ကျော်ကို အရေးယူနိုင်ခဲ့သော်လည်း၊ ပဋိပက္ခနှင့် ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအနေဖြင့် တစ်စုံတစ်ရာ တရားဝင်တိုင်ကြားလာခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ မြေပြင်ပကတိ ဖြစ်ပေါ်တိုးတက်မှုများ၊ ဒီမိုကရေစီနည်းကျ ပေါ်ထွန်းလာသော အစိုးရသစ်၏ ကြိုးပမ်းအားထုတ်မှုများနှင့် အကြမ်းဖက် သမားများကြောင့် ပြည်သူအများ သေကျေပျက်စီးနေရသည့် အခြေအနေမှန်များကို သေချာစွာဆန်းစစ်လေ့လာခြင်းမရှိဘဲ တမင်သက်သက် မျက်ကွယ်ပြုလျစ်လျူရှုထားကြပါသည်။

တစ်ဖက်သတ် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် အနောက်အုပ်စုများ၏ လုပ်ကြံဖန်တီးချက်များကိုသာ အခြေခံ၍ ထုတ်ပြန်နေသော အစီရင်ခံစာများနှင့် ပြောကြားချက်များသည် ကုလသမဂ္ဂ၏ မျှတမှု၊ ဘက်လိုက်မှုကင်းရှင်းမှုနှင့် ဂုဏ်သိက္ခာရှိမှုအပေါ် များစွာ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

မြန်မာ့ပြည်တွင်းရေးအပေါ် ဓမ္မဓိဋ္ဌာန်မကျဘဲ အခြေအမြစ်မရှိ စွပ်စွဲတံဆိပ်ကပ်နေသည့် ကုလသမဂ္ဂ၏ ဇွတ်မှိတ်စွက်ဖက်မှုနှင့် မြေပြင်ကိန်းဂဏန်းအချက်အလက်များကို အစိုးရနှင့် အခြားသော တရားဝင်အဖွဲ့အစည်းများထံမှ ရယူစိစစ်အသုံးပြုနိုင်ပါသော်လည်း ထိုသို့ဆောင်ရွက်ခြင်းမရှိသည့် လုပ်ရပ်များသည် ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ လစ်ဟာမှု၊ အားနည်းချက်များလား သို့မဟုတ် ရည်ရွယ်ချက်ရှိရှိဖြင့် လျစ်လျူရှုသည်လားဆိုသည်ကို မေးခွန်းထုတ်ရမည့် အချိန်ဖြစ်နေပါသည်။

သို့ဖြစ်ပါ၍ အရေးတစ်ခုအပေါ်မူတည်၍ ပေါ်ပေါက်လာသည့် အတွေးတစ်ခုကို “ကုလသမဂ္ဂ၏ စွက်ဖက်မှုနှင့် လစ်ဟာမှုများ” ဟုခေါင်းစဉ်တပ်ဖော်ပြလျက် နိဂုံးချုပ်လိုက်ရပါသည်။