ဇွန် ၂၃
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အတည်ပြုထားသော အီဘိုလာရောဂါကူးစက်ခံရသူ အရေအတွက် ၁၀၄၈ ဦးအထိ မြင့်တက်လာပြီး သေဆုံးသူ ၂၆၇ ဦးရှိကြောင်း နိုင်ငံ၏ ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က အစီရင်ခံစာဖော်ပြခဲ့သည်။
အဆိုပါဖော်ပြချက်အရ ဇွန် ၂၁ ရက်နေ့အထိ လူနာ ၃၇၁ ဦးကို သီးခြားခွဲထား သို့မဟုတ် ဆေးရုံတင်ထားပြီး ၁၁၂ ဦး ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း သေဆုံးသူ ၆၀ ဦးအပါအဝင် သံသယရှိသူ ၂၀၂ ဦးရှိပြီး စုစုပေါင်း သေဆုံးမှုနှုန်း၂၅ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အတည်ပြုထားသော ကူးစက်ခံရသူအရေအတွက်သည် အပတ်စဉ် ဆက်လက်မြင့်တက်နေပြီး ကူးစက်မှုဆက်လက်မြင့်မားလျက်ရှိရာ ပြည်သူ့ကျန်းမာရေးအစီအမံများကို အမြန်ဆုံးမလုပ်ဆောင်ပါက ပထဝီဝင်အနေအထားအရ လျင်မြန်စွာပျံ့နှံ့သွားနိုင်သည်ဟု ထိုအစီရင်ခံစာတွင် သတိပေးထားသည်။ Bundibugyo အီဘိုလာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော လက်ရှိဖြစ်ပွားမှုကို ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၁၅ ရက်နေ့က တရားဝင်ကြေညာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


